ဇူလိုင် ၃၊ ရန်ကုန်။ ။ ၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်းမှ ကစားသမားများသည် မိခင်ကလပ်အသင်းများ၌ ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရလျက်ရှိသည်။ အဓိက ကစားသမားများ ဖြစ်သည့် နန္ဒကျော်၊ ထိုက်ထိုက်အောင်၊ မောင်မောင်စိုး၊ မောင်မောင်လွင်၊ ရန်နိုင်ဦး၊ ကျော်မင်းဦး စသည့်ကစားသမားများ ပွဲထွက်ခွင့် ရနေသော်လည်း ရန်ကုန်၊ ရတနာပုံ စသည့် အသင်းကြီးများမှ ကစားသမားအချို့ ပွဲထွက်ခွင့် အတွက် ရုန်းကန်နေရဆဲ ဖြစ်သည်။
“ ကျွန်တော်တို့ ယူ-၂၀ ကစားသမားအချို့ အသင်းတွေမှာ ပွဲထွက်ခွင့်မရဘူး ဆိုတာက ကလပ်အသင်းတွေမှာက ကျွန်တော်တို့ ထက် စီနီယာကစားသမားတွေ ရှိနေတော့ နေရာမပေးနိုင်တာပါ။ ဒါ့ပြင် နိုင်ငံခြားသား ကစားသမားတွေကလည်း ကလပ်တွေ မှာ ရှိနေပါတယ်။ ပြီးတော့ ကျွန်တော်တို့က သုံးနှစ်လောက် ကလပ်တွေနဲ့ ဝေးပြီး လက်ရွေးစင်အသင်းအတွက် အချိန်ပေးခဲ့ရပါ တယ်။ တဖြည်းဖြည်းနဲ့တော့ ကလပ်မှာ နေရာရလာမှာပါ ” ဟု မကွေးအသင်းမှ ယူ-၂၀ ကွင်းလယ်လူ မောင်မောင်စိုးက ပြော သည်။
မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်းကို၂၀၁၂ တွင် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများမှ ကစားသမားများကို ရွေးချယ်၍ စတင်တည်ထောင်ခဲ့ပြီး နေရှင်နယ်လိဂ်-၂ တွင်စတင်ယှဉ်ပြိုင်ခဲ့သည်။
ထို့ကြောင့် ကစားသမားများမှ ၂၀၁၂ခုနှစ်ကတည်းကစတင်ပြီး ကလပ်အသင်းများတွင် ကစားခွင့်မရတော့ပဲ ယူ-၂၀အသင်းနှင့် သာနှစ်နှစ်ကျော်ခန့် ပူးတွဲလေ့ကျင့်ခဲ့ရသည်။ ယူ-၂၀ အသင်းအသင်းခေါင်းဆောင် နန္ဒကျော် ကလည်း “ ကလပ်အသင်းတွေမှာက စီနီယာ ကစားသမားတွေ၊ နိုင်ငံခြားသားတွေကြောင့် ကစားသမားအချို့ ပွဲထွက်ခွင့် ရုန်းကန်နေရတယ် လို့ ထင်ပါတယ်။
လေ့ကျင့်ရေးအစီအစဉ်ကတော့ ကွာခြားမှု ရှိပေမယ့် ကလပ်မှာရော ယူ-၂၀မှာပါ တစ်မျိုးစီ ကောင်းကြပါတယ်။ ပုံမှန်လေ့ကျင့်ဖြစ်၊ ပုံမှန်ကစားဖြစ်နေတော့ ကြံ့ခိုင်မှု ကျဆင်းတာမျိုးတွေတော့ မရှိနိုင်ပါဘူး ” ဟု သူ့အမြင် ကို ပြောသည်။
မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်းမှ ကစားသမားများသည် မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများဖြစ်သော ရန်ကုန်၊ ရတနာပုံ၊ ကမ္ဘောဇ၊ မကွေး၊ ဟံသာဝတီ၊ ဇေယျာရွှေမြေ၊ ဧရာဝတီ၊ မကွေး၊ ဇွဲကပင် အစရှိသည့် ကလပ်အသင်းများတွင် ပါဝင်ကစားလျက်ရှိသည်။