နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၆ ဇန်နဝါရီ ၂၀၂၃ )

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၆ ဇန်နဝါရီ ၂၀၂၃ )

အမျိုးသားညီညွတ်ရေး အစိုးရ

· စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တရားရေးဝန်ကြီးဌာန ၊ တရားရေးအဖွဲ့ရုံးက ဇန်နဝါရီ ၂၄ ရက်တွင် စတင်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

· အိန္ဒိယ၏ ဒီမိုကရေစီ မီးရှူးတန်ဆောင်သည် စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင် နေကြသည့် မြန်မာပြည်သူများအပေါ်တွင်လည်း ထွန်းလင်းနိုင်ပါစေကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ယနေ့ကျရောက်သည့် အိန္ဒိယနိုင်ငံ၏ (၇၄) နှစ်‌မြောက် အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားသို့ သဝဏ်လွှာ ပေးပို့ရာတွင် ဖော်ပြထားသည်။

· ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် R2P အခြေခံမူသဘောတရားကို စွဲကိုင်ကာ မြန်မာစစ်တပ်ကို ချက်ချင်း အရေးယူဆောင်ရွက်ရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ဇန်နဝါရီ ၂၄ ရက်က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်တွင် ကျင်းပသည့် အထူးအစည်းအဝေးတွင် တင်ပြ တောင်းဆိုလိုက်သည်။

· မိုးကုတ်ရတနာမြေတွင် ကျောက်မျက်တူးဖော်ခွင့်အတွက် ကျောက်မျက် လုပ်ကွက် တစ်ကွက်ကို ဒေါ်လာ နှစ်သိန်းဖြင့် ၁၀ နှစ် လုပ်ကိုင်ခွင့်ပြုပေးမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်လိုက်သည်။

· စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် တိုက်နယ် ၅ နယ်မြေအတွင်းက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) နှင့် မဟာမိတ်အင်အားစုများ တိုက်နယ် ၄ နှင့် တိုက်နယ် ၅ တို့၏ ခေါင်း‌ဆောင်များ အဖွဲ့ဝင်များအကြား မျက်နှာစုံညီတွေ့ဆုံသည့် အစည်းအဝေးကို ဇန်နဝါရီ ၂၅ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

· မုံရွာလူငယ်အဖွဲ့အစည်း၏ ၁ နှစ်ပြည့် အခမ်းအနားကို ဇန်နဝါရီ ၂၅ ရက်တွင် ဗီဒီယိုကွန်ဖရင့်က တစ်ဆင့် ပြုလုပ်ခဲ့ကြပြီး ကျန်းမာရေးဝန်ကြီးဌာန နှင့် ပညာရေးဝန်ကြီးဌာ၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး အပါအဝင် သပိတ်ကော်မတီဝင်များ ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

· အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ကျားသစ်နက်စစ်ကြောင်း သင်တန်းဆင်းပွဲကို ဇန်နဝါရီ ၂၄ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး စွမ်းရည် ပြသမှုနှင့် လက်နက်များ ပေးအပ်မှုများ ပြုလုပ်ခဲ့ကြောင်း တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရသည်။

· ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ တစ်နေရာတွင် ကျားသစ်နက် စစ်ကြောင်းထုတ်လုပ်ရေးအဖွဲ့မှ လက်လုပ် အာရ်ပီဂျီစမ်းသပ် ပစ်ခတ်စဉ် မတော် တဆပေါက်ကွဲမှုကြောင့် ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ကျားသစ်နက်စစ်ကြောင်းထံမှ သိရသည်။

· ဂျာမန်အထက်လွှတ်တာ် ဥက္ကဋ္ဌ Sgd. Bodo Ramelow နှင့် အောက်လွှတ်တော် ဥက္ကဋ္ဌ Sgd. Bärbel Bas တို့က ပြည်ထောင်စုလွှတ် တော် ကိုယ်စားပြုကော်မတီ (CRPH) သို့ ပေးပို့စာ တစ်စောင်ပေးပို့ခဲ့ပြီး ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီနှင့်အတူ ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည်လျက်ရှိပြီး မြန်မာပြည်သူများ၏ ကြံ့ခိုင်မှုများကြောင့် တရားဥပဒေစိုးမိုးမှု နှင့် လွတ်လပ်မှုတို့ အမြန်ဆုံး ပြန်လည်ရရှိပါစေကြောင်း သဝဏ်လွှာထဲတွင် ဖော်ပြထားသည်။

· စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီလက်ပါးစေများ၊ ယင်းတို့၏ ထောက်တိုင်များနှင့် ပတ်သက် ဆက်နွယ်ခြင်း၊ ယှဉ်တွဲသွားလာခြင်းများ ရှောင်ရှားရန် ပခုက္ကူမြို့နယ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့ (ပကဖ)က ယမန်နေ့က ထုတ်ပြန်ကြေညာသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

· စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် မြောက်ခြမ်း သပိတ်အင်အားစုများ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၂၆ ရက်တွင် ဖက်ဆစ်စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

· စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် မြို့နယ်/ ရပ်ကျေး ပ.အ.ဖ ၊ ပ.က.ဖ ၊ ပညာရေး မိသားစုများ၊ ပြည်သူ လူထုနှင့်အတူ ယနေ့ ဇန်နဝါရီ ၂၆ ရက်တွင် ဖက်ဆစ်စစ်တပ်တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

· စစ်ကိုင်းတိုင်း၊ တန့်ဆည်ပင်မ သပိတ်စစ်ကြောင်းဦးဆောင်၍ " လူဖြစ်ခြင်းရဲ့ ပြည့်ဝတဲ့ အဓိပ္ပာယ် တို့တော်လှန်မှ ရလိမ့်တယ်" ၊ " အနိုင်မခံ အရှုံးမပေး ၅/တို့သွေး " စာသားပါ banner များကိုင်ဆောင်၍ ယနေ့ ဇန်နဝါရီ ၂၆ ရက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်သပိတ်မှောက်ခဲ့ကြောင်း သိရသည်။

· စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းစီးရွာရှိ ပျူစောထီးစခန်းကို ဇန်နဝါရီ ၂၅ ရက်၊ ညပိုင်းက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း Shwe Bo Local People Defense Force မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

· စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အင်းပတ်ကွေ့ဈေးတန်းရှိ စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသော နေရာများကို ဇန်နဝါရီ ၂၅ ရက်၊ နံနက် ၁၁ နာရီခွဲခန့်က ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံးခဲ့ကြောင်း ခင်ဦး KSO တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

· စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရှမ်းထူးကျေးရွာအနီး စစ်ကောင်စီတပ် နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ဇန်နဝါရီ ၂၅ ရက်၊ နံနက် ၈ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

· စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာတွင် ပျူစောထီးခေါင်းဆောင် တူမ နှင့် ရဲတစ်ဦး၏ မင်္ဂလာဆောင်ကို ဇန်နဝါရီ ၂၄ ရက်၊ နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မင်္ဂလာဆောင် လာရောက်သည့် အကြမ်းဖက် စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Snake Eyes PDF ထံမှ သိရသည်။

· စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ မြို့မရဲစခန်းနှင့် စစ်မှုထမ်းဟောင်းများနေထိုင်သည့် ရပ်ကွက်များကို ဇန်နဝါရီ ၂၄ ရက်၊ နေ့လယ်ပိုင်းတွင် ရော့ကတ် (Rocket) များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲစခန်း အတွင်းရှိ ရဲနှစ်ဦး သေဆုံးသွားကြောင်း Eagle Guerrilla Force မှ ခေါင်းဆောင် ကိုကောက်ရိုးက ပြောသည်။

· စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာ ၃ ခုကို ဇန်နဝါရီ ၂၃ ရက်၊ ၂၄ ရက် နှင့် ၂၅ ရက်တို့တွင် အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှုပြုလုပ်ခဲ့ရာ နေအိမ် ၆၀ ကျော်ပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများက ပြောသည်။

· စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မြော က်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က မြရိပ်ကျေးရွာကို ဇန်နဝါရီ ၂၅ ရက်၊နံနက် ၁၁ နာရီခန်ါအချိန်က မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

· စစ်ကိုင်းတိုင်း၊ ရေဦး နှင့် ဒီပဲယင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်မှ ခြေလျင် စစ်ကြောင်းထိုးလာ ခြင်းကြောင့် ဒေသခံပြည်သူ ၉၀၀၀ ကျော်ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

· ရန်ကုန်အခြေစိုက် ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းက Junior Digital Marketing၊ Content Writer၊ Motion Graphic Designer၊ Video Editor စသည့် ပညာရှင်များကို နွေဦး တော်လှန်ရေး ကမ်ပိန်းများတွင် ပါဝင်ကူညီနိုင်ရန် ဇန်နဝါရီ ၂၅ ရက်က ထုတ်ပြန် ကြေညာထားသည်။

· မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကျေးရွာ ၅ ခုကို အကြမ်းဖက်စစ်တပ်က ပြီးခဲ့သည့် ၂ ရက်ဆက် မီးရှို့မှုပြုလုပ်ခဲ့ရာ နေအိမ် ၇၇ လုံး ပြာကျခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။

· မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၇၈ လမ်းနှင့် ၃၈ လမ်းထောင့်ရှိ အကြမ်းဖက် စစ်ကောင်စီပိုင် ရတနာပုံ ခန်းမကို လုံခြုံရေးယူထားသည့် အကြမ်းဖက်စစ်သားများကို ဇန်နဝါရီ ၂၅ ရက်၊ ည ၈ နာရီခန့်က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မြနန္ဒာ စစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

· တနင်္သာရီတိုင်း၊ ကော့သောင်းမြို့တွင် ယမန်နေ့ ဇန်နဝါရီ၂၅ ရက်၊ ညပိုင်းက အပြင်မှပြန်လာသည့် စစ်ကောင်စီခန့် အေးရိပ်ငြိမ်းရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့် ဇနီးတို့ နှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရ ကြောင်း ယင်းမြို့နေဒေသခံများထံမှ သိရသည်။

· မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာ နှင့် ခလောက်အင်း ကျေးရွာကို ဇန်နဝါရီ ၂၄ ရက်၊ ညပိုင်းက စစ်တပ်က လက်နက် ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

· ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးကမ်းနား အရှေ့ဘက်ရှိ ညောင်ရိပ်သာကျေးရွာကို စစ်တပ်က ဇန်နဝါရီ ၂၆ ရက်၊ နံနက်ပိုင်းက မီးတင်ရှို့မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

· ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမောဆိုမြို့နယ် အရှေ့ဘက်၌ စစ်ရေးပြင်းထန်နေပြီး စစ်ဘေးရှောင်များ အရေးပေါ်ပြောင်းရွှေ့နေရကြောင်း ဒေသခံလူမှုကူညီရေးအဖွဲ့များက ပြောသည်။

· အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် စစ်ဗိုလ်ချုပ်များ နှင့် အပေါင်းအပါများ ကို လူမျိုးသုဉ်းသတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်မှု များအတွက် အရေးယူရန် ဂျာမနီနိုင်ငံတွင် တိုင်ကြားချက် ဖွင့်လှစ်လိုက်ပြီး အဆိုပါ တိုင်ကြားချက်ကို ဂျာမနီနိုင်ငံက လက်ခံပါက အင်တာပိုလ်မှ တစ်ဆင့် မြန်မာ စစ်ဗိုလ်ချုပ်များကို ဖမ်းဆီးအရေးယူနိုင်မည် ဖြစ်ကြောင်း Fortify Rights မှ ဒါရိုက်တာ ဘုတ်အဖွဲ့ဝင် နစ်ကီဒိုင်းမွန်း၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။

· မြန်မာနိုင်ငံတွင် စစ်ကောင်စီတပ်များ ကျူးလွန်သည့် ဆိုးဆိုးဝါးဝါး အကြမ်းဖက်မှုများအတွက် တာဝန်ခံမှုရှိအောင် တိုးမြှင့်လုပ်ဆောင်ရန် အရေးတကြီးလိုအပ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ခ်ချောလက်က ပြောကြားလိုက်သည်။

· ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသည့် ကိုရဲမင်း ဦးဆောင်သည့် AAC မဟာမိတ်အဖွဲ့က ထိုင်းဘတ်ငွေ ၁ သန်းဖိုး တန်ဖိုးရှိ 308 စနိုက်ပါ သေနတ် ၃ လက်ကို တောင်ပိုင်းတိုင်း စစ်ဒေသလက်အောက်ရှိ စကော်ပီယံ စစ်ကြောင်းထံသို့ ယနေ့ လှူဒါန်းကြောင်း ကိုရဲမင်း၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။

· မြန်မာနိုင်ငံတွင် တရားမဝင် အာဏာသိမ်းထားသည့် အကြမ်းဖက်စစ်တပ်ကို လက်ရှိအချိန်အထိ ထောက်ပံ့ အားပေးနေသော အစိုးရများ နှင့် နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၆၀ ကျော်၏ အမည် စာရင်းကို Justice For Myanmar မှ ထုတ်ပြန်လိုက်သည်။

တိုင်းရင်းသား လက်နက်ကိုင်များ

· ကချင်းပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်စခန်းနှစ်ခုကို ဇန်နဝါရီ ၂၆ ရက်၊ နံနက်ပိုင်းက KIA ၊ PDF တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားများ ထိခိုက် သေဆုံးမှုများပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရသည်။

· ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိ တပ်စခန်းသို့ ထမင်းသွားပို့သည့် တပ်သားနှစ်ဦးကို ဇန်နဝါရီ ၂၅ ရက်၊ နံနက်ပိုင်းက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးပြီး သေနတ်တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ဟားခါး) CDF – Hakha က ဇန်နဝါရီ ၂၅ ရက်တွင် ထုတ်ပြန်သည်။

· ချင်းအမျိုးသား တပ်ဦး/တပ်မတော် (CNF) အနေဖြင့် စစ်ကောင်စီ လုပ်ရပ်သည် မြန်မာ့နိုင်ငံရေးတွင် တရားဝင် ရပ်တည်ရေးအတွက် မထူးဇာတ် ခင်းနေကြောင်း စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ဖြုတ်ချ သွားမည် ဖြစ်ကြောင်း ဇန်နဝါရီ ၂၅ ရက်တွင် ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီ

· စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦး ဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ ဇန်နဝါရီ ၂၅ ရက်က ဒုတိယနေ့အဖြစ် တွေ့ဆုံစဥ်ဆွေးနွေးခဲ့ကြပြီး RCSS မှအဆိုပြုသည့် ရှမ်းပြည်နယ်ဆိုင်ရာ အခြေခံမူဝါဒ ၃၃ ချက်၊ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဘုံသဘောတူညီချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

· ရန်ကုန်တိုင်း စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၉ ခု နှင့် မြန်မာ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုတို့ကို ဇန်နဝါရီ ၂၅ ရက်က ကျင်းပပြုလုပ်သည့် ကော်မတီ အစည်းအဝေးတွင် အတည်ပြုခဲ့သည်ဟု ရန်ကုန်တိုင်း စစ်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။

· ၂၀၂၃-၂ဝ၂၄ ပညာသင်နှစ်က စတင်ပြီး အလယ်တန်းဆင့် (Grade 9) ပြီးမြောက်အောင်မြင်သည့် ကျောင်းသား ကျောင်းသူများအတွက် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်များကို သင်ယူ လေ့ကျင့်ခွင့်ရရှိနိုင်မည့် အထက်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ဇန်နဝါရီ ၂၅ ရက်က နေပြည်တော်ရှိ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနတွင် ကျင်းပပြုလုပ် ဆွေးနွေးခဲ့ကြသည်။

· ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကမ်းနီကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး နှင့်နေအိမ်တစ်လုံးတို့အား KNDO တပ်ရင်း (၆)နှင့် PDF အဖွဲ့ဝင်များမှ ဇန်နဝါရီ ၂၄ ရက်၊ နံနက်ပိုင်း နှင့်

ညနေပိုင်းတို့တွင် မီးရှို့ဖျက်ဆီး၍ ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖမ်းဆီးသွားခဲ့သည်ဟု စစ်ကောင်စီဘက်က သတင်းထုတ်ပြန်သည်။

· ကျိုက်ထီးရိုးဘုရားဖူးလာသည့် ဘုရားဖူးမော်တော်ယာဉ်တစ်စီးသည် ဇန်နဝါရီ ၂၅ ရက်၊ နံနက်ပိုင်းက ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်ခံရမှုကြောင့် ဘုရားဖူးပြည်သူ အမျိုးသား ၁ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း စစ်ကောင်စီ ဝါဒဖြန့်ချိရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ဇန်နဝါရီ ၂၆ ရက် သုံးသပ်ချက်

· နိုင်ငံတစ်ဝန်း မီးရှို့သတ်ဖြတ်မှုများ ကျုးလွန်နေသည့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီတပ်ကို R2P မူကိုင်စွဲပြီး အရေးယူရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ တိုက်တွန်းချက်အပေါ် နိုင်ငံတကာအနေဖြင့် တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ရန် လိုအပ်နေသည်။

· စစ်ရေးပြင်းထန်နေသည် ကရင်နီ(ကယား) နှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်အချို့မှ ဒေသခံပြည်သူ ထောင်ချီသည် စစ်ကောင်စီလေတပ် နှင့် လက်နက်ကြီးရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly