၂၀၂၃ ခုနှစ်၌ စီးပွားရေးတိုးတက်မှု ၅ ရာခိုင်နှုန်းအထက်ရောက်ရှိရန် တရုတ်ပြည်နယ်အများစုတွင် မျှော်မှန်းထား

By  Reuters 
22 January 2023
၂၀၂၃ ခုနှစ်၌ စီးပွားရေးတိုးတက်မှု ၅ ရာခိုင်နှုန်းအထက်ရောက်ရှိရန် တရုတ်ပြည်နယ်အများစုတွင် မျှော်မှန်းထား

တရုတ်နိုင်ငံ၏ ပြည်နယ်အများစုသည် ယခုနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်း ၅ ရာခိုင်နှုန်းကျော်ရရှိရန် ရည်မှန်းထားပြီး တင်းကျပ်သော ကိုဗစ်ကန့်သတ်ချက်များကို ရုပ်သိမ်းပြီးနောက် ဝယ်ယူသုံးစွဲမှုကိုမြှင့်တင်ရန် အလေးထားမည်ဟု ကတိပြုထားကြောင်း ဒေသဆိုင်ရာ အစိုးရလုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာများတွင် ဖော်ပြထားသည်။ 
တရုတ်နိုင်ငံ၏ အကြီးမားဆုံး စီးပွားရေးပြည်နယ် ၂ ခု ဖြစ်သည့် နိုင်ငံတောင်ပိုင်းမှ ကွမ်တုန်းပြည်နယ်နှင့် အရှေ့ပိုင်းမှ ကျန်းစုပြည်နယ်တို့သည် ၂၀၂၃ ခုနှစ်တွင် ဂျီဒီပီတိုးတက်မှု ၅ ရာခိုင်နှုန်းကျော်နှင့် ၅ ရာခိုင်နှုန်းခန့် အသီးသီးရရှိရန် ရည်မှန်းထားကြောင်း ပြည်နယ်အစိုးရ လုပ်ငန်းအစီရင်ခံစာများတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် နွေဦးရာသီတွင် ၂ လခန့် အသွားအလာကန့်သတ်ထားခဲ့သည့် စီးပွားရေးအချက်အချာကျသော ရှန်ဟိုင်းမြို့သည် ယခုနှစ်တွင် တိုးတက်မှုနှုန်း ၅ ဒသမ ၅ ရာခိုင်နှုန်းကျော် ရရှိရန် ရည်မှန်းထားပြီး ဝယ်ယူသုံးစွဲမှု ပြန်လည်ဦးမော့လာစေရန် ဦးစားပေးလုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့သည်။ ရှန်ဟိုင်း၏ အကြီးဆုံးလေဆိပ်နှင့် အဓိကဘဏ္ဍာရေးခရိုင်တည်ရှိရာ ပူဒုံကွက်သစ်သည် ပထမ ၃ လပတ်တွင် ဝယ်ယူသုံးစွဲမှု ယွမ် ၂၀ ဘီလီယံ (ဒေါ်လာ ၂ ဒသမ ၉၅ ဘီလီယံ) နီးပါးရရှိရန် မျှော်မှန်းထားသည်။
တရုတ်နိုင်ငံ၏ ဘုံသာယာဝပြောရေးလှုပ်ရှားမှုအတွက် သရုပ်ပြဇုန်ဖြစ်သည့် ကျဲ့ကျန်းပြည်နယ်သည် ၂၀၂၂ ခုနှစ် နှစ်ဝက်တွင် ၆ ရာခိုင်နှုန်း တိုးတက်ရေး ရည်မှန်းချက် မအောင်မြင်ခဲ့သည့်အတွက်  ယခုနှစ်တွင် တိုးတက်မှု ၅ ရာခိုင်နှုန်းကျော်ရရှိရန် သတ်မှတ်ခဲ့သည်။
မြို့တော် ပေကျင်းနှင့် ၎င်း၏အနီးရှိ တီယန်ကျင်းမြို့များသာလျှင် တိုးတက်မှုနှုန်းကို ၄ ဒသမ ၅ ရာခိုင်နှုန်းကျော် နှင့် ၄ ရာခိုင်နှုန်းခန့် အသီးသီး လျှော့ပေါ့ မျှော်မှန်းထားကြသည်။ အဆိုပါမြို့နှစ်မြို့သည် အစုလိုက်အပြုံလိုက် ကိုဗစ်စစ်ဆေးမှုများ ပုံမှန်ပြုလုပ်ခဲ့ကာ တင်းကျပ်သော ကိုဗစ်ဗိုင်းရပ်စ်တိုက်ဖျက်ရေး ကန့်သတ်ချက်များကိုချမှတ်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ဗိုင်းရပ်စ်ကူးစက်မှု အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရသည်။
တရုတ်နိုင်ငံ၏ တင်းကျပ်သော ဗိုင်းရပ်စ်တိုက်ဖျက်ရေးအစီအမံများကို ရုတ်ခြည်း ဖြေလျှော့ခဲ့မှုကြောင့် ယခုနှစ်တွင် စီးပွားရေးပြန်လည် နာလန်ထလာရန် မျှော်လင့်ချက် များလာသော်လည်း ပြီးခဲ့သည့်လက ကိုဗစ်မူဝါဒ တစ်ဆစ်ချိုးပြောင်းလဲပြီးနောက် ကိုဗစ်ရောဂါဖြစ်ပွားမှု မြင့်တက်လာသဖြင့် စီးပွားရေးလုပ်ငန်းများသည် လတ်တလောထိခိုက်မှုများ ကြုံတွေ့နေကြသည်။ 
ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံး တရုတ်နိုင်ငံ၏စီးပွားရေးသည် ယခင်နှစ်ကထက် ၂၀၂၂ ခုနှစ်တွင် ၃ ရာခိုင်နှုန်း တိုးလာတက်လာခဲ့ပြီး တရားဝင်ရည်မှန်းထားသည့် ၅ ဒသမ ၅ ရာခိုင်နှုန်းအောက်  သိသိသာသာ လျော့နည်းခဲ့ကာ  ရာစုနှစ်တစ်ဝက်နီးပါးအတွင်း အဆိုးရွားဆုံးနှုန်းထားများထဲတွင် ပါဝင်သည်။  စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၂၃ ခုနှစ်တွင် ၄ ဒသမ ၉ ရာခိုင်နှုန်းသို့ ပြန်လည်ရောက်ရှိမည်ဟု  မျှော်လင့်ရကြောင်း Reuters စစ်တမ်းတွင် ဖော်ပြထားသည်။ 
တရုတ်နိုင်ငံသည် အလုပ်လက်မဲ့ပြဿနာကို ဖုံးကွယ်ထားနိုင်ရန် ၂၀၂၃ ခုနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်း အနည်းဆုံး ၅ ရာခိုင်နှုန်း ရရှိရန် ရည်မှန်းထားကြောင်း မူဝါဒရေးရာနှင့်နီးစပ်သူများက ပြောကြားထားသည်။
ကမ္ဘာ့စီးပွားရေးမှာ ကပ်ဆိုက်မည့်အခြေအနေဖြစ်နေသောကြောင့် ၂၀၂၃ ခုနှစ်တွင် ပို့ကုန်များ ကျဆင်းသွားနိုင်ပြီး မူဝါဒချမှတ်သူများအနေဖြင့် ယခုနှစ် စီးပွားရေးအတွက် အဓိကမောင်းနှင်အားအဖြစ် ပြည်တွင်းဝယ်လိုအား မြှင့်တင်မှုအပေါ် အားကိုးရကြောင်း စီးပွားရေးပညာရှင်များက ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly