ဘုတ်ပြင်းမြို့နယ် ရွာဟေ့လူကျေးရွာတွင် အမျိုးသား ၈ ဦး၏ ရုပ်အလောင်းများစွန့်ပစ်ထားသည်ကိုတွေ့ရှိ

By ကိုရွှေမြိတ် (မဲဆောက်)
18 January 2023
ဘုတ်ပြင်းမြို့နယ် ရွာဟေ့လူကျေးရွာတွင် အမျိုးသား ၈ ဦး၏ ရုပ်အလောင်းများစွန့်ပစ်ထားသည်ကိုတွေ့ရှိ

မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ရွာဟေ့လူကျေးရွာအနီးတွင် အသတ်ခံထားရသည့် အမျိုးသားရှစ်ဦး၏ရုပ်အလောင်းများကို ရွာဟေ့လူ-နမ်မတွန်အကြားလမ်းဘေး၌ ဇန်နဝါရီလ ၁၆ ရက်နေ့က လာရောက်စွန့်ပစ်ထားသည်ကိုတွေ့ရှိရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ အမျိုးသားရှစ်ဦးမှာ ဇန်နဝါရီလ ၁၃ ရက်နေ့က အသတ်ခံထားရဖွယ်ဖြစ်နိုင်ခြေရှိပြီး အလောင်းကို ရွာဟေ့လူကျေးရွာအနီး၌ လာရောက်စွန့်ပစ်ထားသည်ကိုတွေ့ရှိရခြင်းဖြစ်သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

ဘုတ်ပြင်းဒေသခံတစ်ဦးက “ဘယ်အဖွဲ့က၊ ဘာကြောင့်၊ ဘာဖြစ်လို့ သတ်လိုက်တယ်ဆိုတာ မသိရသေး ပါဘူး။ သိရသလောက်ကတော့ အစည်းအဝေးတစ်ခုကိုသွားတက်ရာကနေ အခုလိ‌ေပြန်မရောက်လာဘဲ အသတ်ခံလိုက်ရတာဖြစ်ပါတယ်”ဟု ပြောသည်။

“ကျွန်မအမျိုးသားလည်း သတ်ခံရတဲ့အထဲမှာပါတယ်။ လက်နက်ကိုင်အဖွဲ့စည်းတစ်ခုက သတ်လိုက်တာ ပါ၊ သူတို့က စစ်တပ်နဲ့နီးစပ်တဲ့အဖွဲ့ဖြစ်ပါတယ်” ဟု အသတ်ခံရသည့်အထဲတွင်ပါဝင်သော အမျိုးသား တစ်ဦး၏ဇနီးက ပြောသည်။
လက်ရှိတွင် အသတ်ခံလိုက်ရသည့်အမျိုးသားရှစ်ဦးအနက် တစ်ဦး၏ဇနီးမှာ အမျိုးသားအသတ်ခံလိုက်ရ သည်ဟုသတင်းကြောင့် စိုးရိမ်ပြီး မြန်မာ-ထိုင်းနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စာတည်း။ ။စော‌ဖေ
စာမူတည်းဖြတ်။ ။စောဖေ

#တနင်္သာရီတိုင်း
#ဘုတ်ပြင်းမြို့နယ်
#ရွာဟေ့လူကျေးရွာ
#အလောင်းများစွန့်ပစ်ထား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required