ဇန်နဝါရီလ ၁၄ ရက်
မကွေးတိုင်း၊ ပေါက်မြို့နယ် ကုက္ကိုစု ပျူရွာမှ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ကင်းလှည့်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း Regional Defense Force -Pauk မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
၎င်းက ‘' ကျတော်တို့ ၁၁ ရက်နေ့ ညဦးပိုင်းကတည်းက ကြိုတင်သတင်းရလို့ ညကတည်းကစောင့်ပြီး နောက်နေ့ မနက်ပိုင်း ဒီကောင်တွေကင်းပတ်တာလား ရေပြာစခန်းကို ကူးတာလားမသိဘူးဗျ၊ ထွက်လာတာနဲ့ အသင့်ထောင်ထားတဲ့ မိုင်းတွေ နဲ့ တိုက်ခိုက်ခဲ့တာ “ ဟု ပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီးအဖွဲ့ဝင်များသည် ထိခိုက်မှုများပြီး ပြန်လည်ပစ်ခတ်မှုများရှိသော်လည်း အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Regional Defense Force -Pauk အဖွဲ့က ဆိုသည်။
ကုက္ကိုစုကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ပျူစောထီးများသည် အနီးအနားရှိကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ကာ မိးရှို့ဖျက်ဆီးခြင်း ပြည်သူပိုင်ပစ္စည်းများကို လုယူခြင်းများ လုပ်ဆောင်လေ့ရှိကြောင်းသိရသည်။
“ကုက္ကိုစု ပျူတွေက စခ(စစ်ကောင်စီတပ်သား)တွေနဲ့ ပေါင်းပြီး မြို့နယ်အတွင်းလိုက်လံမီးရှို့တယ်၊ ပြည်သူပိုင်ပစ္စည်းတွေကိုသိမ်းတယ်၊ စစ်ဆေးရေးဂိတ်တွေ ဖွင့်ပြီး အမျိုးမျိုးဒုက္ခပေးတယ် “ ဟု Regional Defense Force -Pauk မှ တာဝန်ရှိသူက ပြောသည်.
ယခုတိုက်ခိုက်မှုကို Regional Defense Force -Pauk ၊ နွေဦးညီနောင်ပြောက်ကျားတပ်ဖွဲ့ ၊ ပြည်သူ့အားမာန် ကာကွယ်ရေးတပ်ဖွဲ့ စသည့် အဖွဲ့ များက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)