တရုတ်နိုင်ငံတွင် ကိုဗစ်ရောဂါဖြစ်ပွားမှုများ ဆက်လက်မြင့်တက်နေသဖြင့် အစိုးရသည် မကြာမီရက်ပိုင်းအတွင်း Pfizer ထုတ် ကိုဗစ်-၁၉ သောက်ဆေး Paxlovid ကို ရပ်ရွာကျန်းမာရေးဌာနများသို့ စတင်ဖြန့်ဝေတော့မည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာကို ကိုးကား၍ CNN တွင် ဖော်ပြထားသည်။
ရပ်ရွာဆရာဝန်များသည် သင်တန်းတက်ပြီးနောက် ဆေးဝါးများကို ကိုဗစ်လူနာများထံ ဖြန့်ဝေပေးကာ သုံးစွဲနည်းအချက်အလက်များကိုလည်း ရှင်းလင်းပြသမည်ဖြစ်ကြောင်း နိုင်ငံပိုင် China News Service သတင်းဌာနက ဖော်ပြခဲ့သည်။
“တာဝန်ရှိသူတွေဆီကနေ အကြောင်းကြားစာရထားပါတယ်။ ဒါပေမယ့် ဆေးတွေ ဘယ်အချိန်ရောက်မလဲ မသိရသေးပါဘူး” ဟု ပေကျင်းမြို့ ရှီချန်ခရိုင်ရှိ ဒေသခံရပ်ရွာကျန်းမာရေးဌာနမှ ဝန်ထမ်းတစ်ဦးက ပြောသည်။
Paxlovid ကိုဗစ်သောက်ဆေးသည် တစ်နိုင်ငံလုံးအသုံးပြုရန်အတွက် တရုတ်နိုင်ငံစည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ခွင့်ပြုထားသော တစ်ခုတည်းသော ပြည်ပထုတ် ကိုဗစ်သောက်ဆေးဖြစ်ပြီး ဆေးဝါးရရှိရေးမှာ စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသည်။
ထို့ပြင် နိုင်ငံအတွင်း ကိုဗစ်ရောဂါ ကူးစက်မှုများ မြင့်တက်နေချိန်တွင် အိန္ဒိယဆေးဝါး ဝယ်လိုအားသည် တစ်ဟုန်ထိုးတက်လာပြီး သံသယဖြစ်ဖွယ် အမျိုးအစားကွဲပြားသောဆေးများသည် စျေးကွက်ကို လွှမ်းမိုးနေကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။
Paxlovid သောက်ဆေးကို များများစားစားနှင့်အလျင်အမြန်ရနိုင်သောကြောင့် တရုတ်အွန်လိုင်းရောင်းဝယ်ရေး ပလက်ဖောင်းများမှတစ်ဆင့် အိန္ဒိယဆေးဝယ်လိုအားသည် မြင့်တက်လာခဲ့သည်။
အိန္ဒိယမှထုတ်လုပ်သည့် Primovir၊ Paxista၊ Molnunat နှင့် Molnatris စသည့် ကိုဗစ်သောက်ဆေး ၄ မျိုးထက်မနည်းသည် မကြာသေးမီရက်သတ္တပတ်များအတွင်း တရုတ်အွန်လိုင်းဈေးကွက်တွင် ရောင်းချလာသည်။
တရုတ်နိုင်ငံတွင် အသွားအလာပိတ်ဆို့မှုများ၊ သီးသန့်ခွဲခြားထားရှိမှုများနှင့် အစုလိုက်အပြုံလိုက် ရောဂါစမ်းသပ်မှုများကို ၃ နှစ်နီးပါး ပြုလုပ်ပြီးနောက် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို နိုင်ငံတစ်ဝန်း ဆန္ဒ ပြခဲ့ကြသဖြင့် အစိုးရသည် ပြီးခဲ့သည့်လက ၎င်းမူဝါဒကို ရုတ်ခြည်း စွန့်လွှတ်ခဲ့သည်။
လျင်မြန်သောမူဝါဒပြောင်းလဲမှုကြောင့် အဖျားရောဂါနှင့် အအေးမိရောဂါများအတွက် အသုံးပြုသော ဆေးဝါးများကို အထိတ်တလန့်ဝယ်ယူမှုများ ဖြစ်စေခဲ့ပြီး ဆေးဆိုင်များနှင့် အွန်လိုင်းစျေးဝယ် ပလက်ဖောင်းများတွင် ဆေးဝါးပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်။
တရုတ်နိုင်ငံမြို့တော် ပေကျင်းနှင့် အခြားနေရာများရှိ ဆေးရုံများနှင့် ဆေးပေးခန်းများတွင် လူများ တန်းစီစောင့်ဆိုင်းရသည်အထိ ဖြစ်ခဲ့ကြောင်း CNN က ဖော်ပြသည်။
တရုတ်တွင် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို လွန်ခဲ့သော သီတင်း ၂ ပတ်က စွန့်လွှတ်ခဲ့ပြီးနောက် ဒေသတွင်းကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်လာကာ ကျန်းမာရေးစနစ်တွင် ဝန်နှင့်အားမမျှဖြစ်ခဲ့ရကြောင်း အာရှနည်းပညာသတင်းထောက် ချန်ချဲက New York Times တွင်ရေးသားထားသည်။
နိုင်ငံစုံ ဆေးဝါးကုမ္ပဏီကြီးများမှ ထုတ်လုပ်သည့် ဆေးဝါးများ၏ စျေးနှုန်းကြီးမြင့်မှုကြောင့် လူပေါင်း ၁ ဒသမ ၄ ဘီလီယံကို ဝန်ဆောင်မှုပေးနေရသည့် တရုတ်နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည် အခက်အခဲများနှင့်ရင်ဆိုင်နေရသည်။