ရန်ကုန်၊ဇွန် ၃၀ ။ ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ အပါအဝင် ပြည်သူလူ ထုက ရန်ကုန်မြို့ သိမ်ကြီးဈေးမှ ဆူးလေ ဘုရားအနီး မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက်ဆန္ဒပြရာ လမ်းတစ် လျှောက် တွင် ရဲများက တားဆီးပိတ်ပင်မှုများရှိခဲ့သည်။
ဇွန်လ ၃၀ ရက် နေ့လည် ၃ နာရီမှ ၄နာရီခွဲ အချိန်ခန့်အထိ ကျောင်းသားဦးရေ ၁၀၀ခန့် နှင့် ပြည်သူလူထု အပါအဝင် စုစုပေါင်း ၁၀၀၀ ခန့်က ပါဝင်ဆန္ဒပြခဲ့ရာ လမ်းတစ်လျှောက်တွင် ရဲများက တားဆီး ပိတ်ပင် ခဲ့ခြင်းဖြစ်သည်။
ဆန္ဒပြရာတွင် ဦးဆောင်သူတစ်ဦးဖြစ်သည် ကိုဇေယျာလွင်က “ ကျွန်တော်တို့ သိမ်ကြီးဈေးကနေ ဆူးလေ ရှေ့ရောက်အောင် သာမန်လမ်းလျှောက်ပြီး ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရုန်းရင်းဆန်ခက်နဲ့ မလိုလားအပ် တဲ့ပြဿနာတွေဖြစ်အောင် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ” ဟုပြောသည်။
ဆန္ဒပြရာလမ်းတစ်လျှောက်တွင် ရဲတပ်ဖွဲ့က သုံးကြိမ်ထက်မနည်း တားဆီးပိတ်ပင်မှုများရှိသော်လည်း ဆန္ဒပြမှု အောင်မြင်ပြီးဆုံး ခဲ့သည်ဟုလည်း ၎င်းကဆိုသည်။
ဆန္ဒပြမှုနှင့်ပတ်သက်၍ ဒုရဲမှူးကြီး ရဲထွဋ်က ” သက်ဆိုင်ရာ ပုဒ်မတွေ ညှိုစွန်းတဲ့ဥပဒေတွေနဲ့တော့ အရေး ယူသွားမှာပါ။ ခွင့်ပြုချက်ယူထားတာမရှိပါဘူး။ အဲ့တာကြောင့် ငါတို့ကလည်း ပြောရတာပေါ့။ သက်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း အတိုင်းဖြစ် ရမှာပေါ့”ဟုပြောသည်။
လမ်းတစ်လျှောက် ဆန္ဒပြရာတွင် ရဲများက ဆန္ဒပြသူများကို ဆက်လက်ဆန္ဒမပြရန် ရဲဝန်ထမ်းအင်အားသုံး၍ တားမြစ်မှုများရှိခဲ့ရာ ဆန္ဒပြသူများနှင့် ရဲများ ရုန်းရင်းဆန်ခက်ဖြစ်ပွားမှုများ အနည်းငယ်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
ဆန္ဒပြပွဲကို စစ်မှန်သည့်ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေး တောင်းဆိုသည့် လက်မှတ်ငါးသန်းဖြင့် လွှတ်တော်တွင်း တင်ပြခဲ့သော်လည်း လွှတ်တော်တွင်းရှိ တပ်မတော်သားကိုယ်စားလှယ်များက ပယ်ချခဲ့သည်ကို ရှုတ်ချခြင်း ရည်ရွယ်ချက်နှစ် ခုဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံနှင့်အတူ ပေါ်ပေါက်လာသည့် အစိုးရသည် စစ်တပ်က မွေးဖွားပေးလိုက်သည့် အစိုးရဖြစ်ပြီး စစ်တပ်နှင့် ပြည်သူ စိတ်သဘောထား တိုက်ဆိုင်မရှိခဲ့သည်မှာ ကာလကြာရှည်ခဲ့ပြီဖြစ်ကာ ကျင့်ဝတ်သိက္ခာနှင့် ညီသည့် စစ်တပ်ဖြစ်ပေါ်လာစေ ရန် ပြည်သူလူထုက လုပ်ဆောင်ရန်လည်း ကိုဇေယျာလွင်က တိုက်တွန်း ပြောကြားခဲ့သည်။
ဆန္ဒပြရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ဒို့အရေး၊ အတုအယောင်ပြင်ဆင်မှု အလိုမရှိ၊ ၄၃၆ကို ပြင်ဆင်ရေး ဒို့အရေး၊ လွှတ်တော်ထဲက အစိတ်သားထွက်သွား ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြရာတွင် လိုက်လံဝန်းရံပေးသည့် မြန်မာပြည်ငြိမ်းချမ်းရေးကျောင်း ငြိမ်းချမ်းရေးဆရာတော် အရှင်ဉာဏိဿရ (DKBA/KNU/KNLA)က ဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်၍ “ဝမ်းသာပါတယ်။ ဂုဏ်လည်း ဂုဏ်ယူပါတယ်။ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ပါ။ အနာဂတ်ကျောင်းသားတွေ နောင်တစ်ချိန်မှာ သမ္မတ ၊ဝန်ကြီး ချုပ်လည်းဖြစ်လာနိုင်တာပဲလေ”ဟုပြောသည်။
တပ်မတော်သားကိုယ်စားလှယ်များအနေဖြင့် တပ်မတော်က တပ်နှင့်သက်ဆိုင်သည့် အလုပ်သာ လုပ်သင့် သည်ဟုလည်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဇွန် ၂၅ ရက်က ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲ ဆုံးဖြတ်ရာ ဖွဲ့စည်းပုံပြင်ရန် အရေးကြီးသည့် ပုဒ်မ များဖြစ်သော ပုဒ်မ ၄၃၆၊ ၅၉ (စ) စသည့် ပုဒ်မများမှာ ပြင်ဆင်ရန် အရေးနိမ့်ခဲ့သည်။