ကော်သူးလေ(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့ တာဂွရွာနှင့်ပွဲပြည့်ရွာ လမ်းမ ပေါ်တွင် ယနေ့ ဇန်နဝါရီလ ၁ ရက် နံနက် ၈ နာရီ ၁၅ မိနစ်အချိန်၌ ရဲတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက် ခံရကြောင်း ဒေသခံများထံမှသိရသည်။
ရွာလမ်းမပေါ်ရှိ “စစ်ခွေးလုပ်မယ့်ရွေးကောက်ပွဲ လူထုအားနဲ့တွန်းလှန်ကြ”ဆိုသည့် စာတန်းပါဆိုင်းဘုတ် ကို ရဲတပ်ဖွဲ့ဝင်သုံးဦးက လာရောက်ဖြုတ်ယူစဉ် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။
“မနက်က ရဲတွေမိုင်းထိသွားတယ်။ ဆိုင်းဘုတ်လာဖြုတ်တာမှာ မိုင်းထိတယ်လို့ကြားတယ်။ အခု ရွာတွေ ကို ပတ်စစ်နေကြတယ် ရှောင်တဲ့သူရှောင်နေကြတယ်” ဟု သဲကုန်းမြို့ခံတဦးကပြောသည်။
ယင်းတိုက်ခိုက်မှုတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး ဦးခေါင်းထိမှန်ကာ နေရာတွင်ပင်သေဆုံးသွားပြီး တစ်ဦးမှာ ပြင်း ထန်ဒဏ်ရာရရှိခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့၏ ပဲခူးတိုင်းစစ်ဒေသက ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ခိုက်မှုသည် နန်းထိုက်အောင်စစ်ဆင်ရေးဖြစ်ပြီး ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၆၀၁)၊ တပ်ခွဲ(၃) (တိုင်းလုံးကျော်အဖွဲ့)က ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ