အနိမ်ဆုံးလုပ်ခလစာကို တစ်နာရီလျှင် ၄၅၀၊ တစ်နေ့ ၃၆၀၀ကျပ်အဖြစ် ဇွန်လ ၂၉ရက်က သတ်မှတ်လိုက်ကြောင်း အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီက ကြေငြာချက် ထုတ်ပြန်လိုက်သည်။
"ဒီနေ့သတ်မှတ်လိုက်တယ်။ အကုန် ၃၆၀၀။ ဒီ ၃၆၀၀ကို ကန့်ကွက်ခိုင်းထားသေးတယ်။ ရက်ပေါင်း ၆၀အတွင်း စောင့်ကြည့် ရဦးမယ်။ ရက်ပေါင်း ၆၀အတွင်းမှာ ကြိုက်မကြိုက်ဆိုတာကို စောင့်ကြည့်ရဦးမယ်။ မနက်ဖြန် သတင်းစာမှာ ကြည့်လိုက်ပါ"ဟု အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က မဇ္ဈိမကို ပြောသည်။
ယင်းကြေညာချက်တွင် မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် နေရာဒေသ နှင့် လုပ်ငန်း အမျိုးအစား မခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ သတ်မှတ်သည့် အဆိုပြု အနည်းဆုံး အခကြေးငွေသည် တစ်နာရီ ၄၅၀ကျပ် တိတိ၊ အလုပ်ချိန် ရှစ်နာရီအတွက် တစ်ရက်ကို ၃၆၀၀ကျပ် တိတိ ဖြစ်ပြီး ယင်းသတ်မှတ်ချက်သည် အလုပ်သမား ၁၅ဦးနှင့်အောက် ရှိသည့် လုပ်ငန်းငယ်များ၊ မိသားစု တစ်ပိုင်တစ်နိုင် လုပ်ငန်းများ နှင့် သက်ဆိုင်မှု မရှိဟု ဖော်ပြထားသည်။
အဆိုပြုထားသည့် အနည်းဆုံး အခကြေးငွေနှုန်းထား နှင့် ပတ်သက်၍ ကန့်ကွက်ပြင်ဆင်လိုပါက ရက်သတ္တနှစ်ပတ်အတွင်း သတ်မှတ်ပုံစံဖြည့်ကာ အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အောက်ရှိ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ နှင့် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနသို့ ပေးပို့ရမည်ဟု ထုတ်ပြန်ထားသည်။