ဒီဇင်ဘာလ ၂၇ ရက်
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲနှင့် ကျဆုံးအာဇာနည်များ ဂုဏ်ပြုပန်းချ အလေးပြုခြင်းကို ယနေ့ဒီဇင်ဘာလ ၂၇ရက်တွင် ပြုလုပ်ကြသည်။
လူထုသပိတ်စစ်ကြောင်းသည် “လူထုတိုက်ပွဲအရှိန်မြှင့်ကြ ဘုံရန်သူကို ချေမှုန်းကြ” စာတမ်းကို ဆွဲကိုင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးခဲ့ကြသည်။
ထို့အပြင် မတ်လ ၂၇ရက် ၂၀၂၁ ခုနှစ်တွင် မုံရွာ - ယာကြီး - ကလေးလမ်းဆုံ ရွှေတောင်ဦးအနီး၌ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အာဇာနည်သူရဲကောင်း ကိုချမ်းမြေ့ကျော် ကျဆုံးခဲ့ရသော (၂၁) လမြောက်နေ့ ဖြစ်သည့်အတွက် ၎င်း၏အုတ်ဂူ နှင့် အခြားသူရဲကောင်းများ၏ အုတ်ဂူတွင် ဂုဏ်ပြုပန်းချကာ အလေးပြုခဲ့ကြသည်။
ယနေ့ချီတက်မှုသည် ရွာပေါင်းစုံသပိတ်၏ ၆၅၆ ရက်မြောက် ချီတက်မှုဖြစ်ကြောင်း သိရသည်။
ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
စာတည်း။ ။ ဖူးသိမ်ကျ