အာဖဂန်နစ္စတန်၏ လက်ရှိကြားဖြတ်အစိုးရအနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ထိတွေ့ဆက်ဆံရန် အသင့်ရှိသော်လည်း နိုင်ငံတကာဘက်က လက်ရှိအာဖဂန်အစိုးရနှင့် အပေးအယူလုပ်ပြီး ညှိနှိုင်းရန် မကြိုးစားသင့်ကြောင်း တာလီဘန်အစိုးရ၏ အကျင့်သီလ စင်ကြယ်ရေးနှင့် မကောင်းမှုဒုစရိုက် တားဆီးရေး ဝန်ကြီးဌာန၏ ယာယီဝန်ကြီး မိုဟာမက် ခါလစ် ဟာနာဖီက ဒီဇင်ဘာ ၁၈ ရက်တွင် ပြောသည်။
ဟာနာဖီသည် နိုင်ငံအလယ်ပိုင်း ပါဝမ်ပြည်နယ်တွင် ပြုလုပ်သည့် လူစုဝေးပွဲတစ်ခုတွင် အထက်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။
“တာလီဘန်အစိုးရအနေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ၊ ဆက်သွယ်ချိတ်ဆက်မှုတွေကနေတဆင့် ခင်ဗျားတို့ (နိုင်ငံတကာ အသိုင်းအဝိုင်း) နဲ့ ထိတွေ့ဆက်ဆံဖို့ သဘောတူပါတယ်။ ဒါပေမယ့် အစ္စလမ်ဘာသာကို ဆန့်ကျင်တဲ့ ဘယ်လို အပေးအယူ သဘောတူညီချက်ကိုမှ မိမိတို့ လုပ်ဆောင်မှာ မဟုတ်ပါဘူး။ ဒါနဲ့ ပတ်သက်လို့ကတော့ တာလီဘန်အစိုးရအနေနဲ့ ခင်ဗျားတို့နဲ့ ဘယ်တော့မှ ဆက်ဆံမှာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဆယ်စုနှစ်နှစ်စုအတွင်း အာဖဂန်နစ္စတန်တွင် ထည့်သွင်းစဉ်းစားခံခဲ့ရသည့် လူ့အခွင့်အရေးဆိုင်ရာ အတိုင်းအတာများအပေါ် ဟာနာဖီက ဝေဖန်သည်။
“လူ့အခွင့်အရေးတွေက ဘယ်နေရာမှာ ရှိခဲ့တာလဲ။ လူတွေဘယ်လောက်တောင် မိဘမဲ့တွေ၊ ဒုက္ခိတတွေ ဖြစ်ခဲ့ကြရသလဲ။ ယုတ္တိရှိရှိ ပြောကြစို့။ အဲဒီအချိန်တုန်းက နိုင်ငံခြားသားတွေ ဘယ်မှာ ရှိခဲ့တာလဲ” ဟု ၎င်းက မေးခွန်းထုတ်ခဲ့သည်။