ပါကစ္စတန်နိုင်ငံတွင် တရားမဝင်ကြောင်း ကြေညာခံထားရသည့် တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP) အဖွဲ့၏ အကြမ်းဖက် ကျူးလွန်မှုများ မြင့်တက်လျက်ရှိစဉ် အဆိုပါနိုင်ငံ၏ လုံခြုံရေးအပေါ် စိုးရိမ်ပူပန်ကြောင်း အမေရိကန် စစ်တပ်မှ အဆင့်မြင့်တပ်မှူးတစ်ဦးက ပြောကြားလိုက်သည်။
“မိမိတို့ဟာ မိမိတို့ရဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကို တန်ဖိုးထားပါတယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ နယ်စပ်လုံခြုံရေးလိုမျိုး အပြန်အလှန်အကျိုးရှိမယ့် နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ချဲ့ထွင်နိုင်မယ့်
အခွင့်အလမ်းတွေကိုလည်း ကြိုဆိုပါတယ်” ဟု အမေရိကန်၏ အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) မှ တပ်မှူး ဗိုလ်ချုပ်ကြီး မိုက်ကယ် အီ ကူရီလာက ပြောကြောင်း The Express Tribune က ကိုးကားဖော်ပြသည်။
အကြမ်းဖက်ခြိမ်းခြောက်မှုကို ကိုင်တွယ်ဖြေရှင်းရာတွင် ပါကစ္စတန်ကို အမေရိကန်ဘက်က အကူအညီများ ပေးနိုင်သည့် အလားအလာနှင့်ပတ်သက်သည့် မေးမြန်းမှုကို ဖြေကြားစဉ် အမေရိကန်စစ်ဗိုလ်ချုပ်ကြီးက အထက်ပါမှတ်ချက်ကို ပြောခဲ့ခြင်း ဖြစ်သည်။
ယခုလအတွင်း ဗိုလ်ချုပ်ကြီး မိုက်ကယ် အီ ကူရီလာသည် ပါကစ္စတန်သို့ သွားရောက်ခဲ့ပြီး ထိုခရီးစဉ်တွင် ၎င်းသည် ပါကစ္စတန်စစ်တပ်၏ အကြီးတန်းခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သလို ခိုင်ဘာ တောင်ကြားလမ်းအနီး ပါကစ္စတန်-အာဖဂန်နစ္စတန်နယ်စပ်တလျှောက် အခြေအနေများနှင့် စစ်ဆင်ရေးများကို လေ့လာကြည့်ရှုခဲ့သည်။
ခရီးစဉ်အတွင်း ခေါင်းဆောင်များသည် လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေး၊ အာဖဂန်နစ္စတန်-ပါကစ္စတန် နယ်စပ်တလျှောက် လုံခြုံရေး၊ ဒေသတွင်းရှိ အကြမ်းဖက်အဖွဲ့များ၏ ခြိမ်းခြောက်မှု၊ လုပ်ဆောင်ဆဲ စစ်ဆင်ရေးများနှင့် CENTCOM နှင့် ပါကစ္စတန်စစ်တပ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့နိုင်မည့် အခွင့်အလမ်းများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။