မြန်မာ အမျိုးသမီးငယ်များ၏ လူမှုဘဝ ဓာတ်ပုံများ လေလံတင်ရောင်းချကာ ရန်ပုံငွေရှာ

မြန်မာ အမျိုးသမီးငယ်များ၏ လူမှုဘဝ ဓာတ်ပုံများ လေလံတင်ရောင်းချကာ ရန်ပုံငွေရှာ

ရန်ကုန် (မဇ္ဈိမ)။ ။ အသက် ၁၂ နှစ် နှင့် ၁၇ နှစ်ကြားရှိ မြန်မာမိန်းကလေးငယ်များ ကိုယ်ပိုင်အခွင့်အရေးနှင့် အနာဂါတ် ပုံဖော်နိုင်စေရန်အတွက် အခမဲ့လေ့ကျင့် သင်ကြားပေးနေသည့် Girl Determined အဖွဲ့၏ ‘Girl Determined Fundraiser’ အမည်ရှိ ရန်ပုံငွေပွဲတွင် မြန်မာအမျိုးသမီးငယ်များ၏ သက်ဝင်လှုပ်ရှားနေသော လူမှုဘဝဓာတ်ပုံများ လေလံတင်ရောင်းချခြင်းကို ဇွန် ၂၈ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကိုယ့်မင်းကိုယ်ချင်းလမ်းရှိ Goethe Villa တွင် ပြုလုပ်ခဲ့သည်။

Girls Determined အဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ မနန့်သဇင်မင်းက “မြန်မာနိုင်ငံ တစ်ဝှမ်းမှာရှိတဲ့ မိန်းကလေးငယ်များအတွက် ကျွန်မတို့ အဖွဲ့အစည်း လုပ်ရှားဆောင်ရွက်နေတာတွေကိုရဲ့ ဓါတ်ပုံတွေက တဆင့်ပြသခွင့် ရတဲ့အတွက် ဂုဏ်ယူပါတယ်၊ အမျိုးသမီးငယ်တွေကို ကိုယ့်အနာဂါတ်များ ပုံဖော်နိုင်စေဖို့ သင်ကြားထောက်ပံ့
ပေးခြင်းဟာ နိုင်ငံရဲ့ အနာဂါတ်ကို ပုံဖော်စေနိုင်တဲ့ မွန်မြတ်တဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုပါပဲ” ဟု ဆိုသည်။

ယင်းပွဲတွင် အာရှ၊ အာဖရိကနှင့် အမေရိကန် နိုင်ငံများ၌ ၁၅ နှစ်ကျော်ကြာ ဓါတ်ပုံပညာရပ်ဆိုင်ရာ လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခဲ့သည့် ဓာတ်ပုံပညာရှင် Andrew Stanbridgeက Girl Determined အဖွဲ့၏ လှုပ်ရှားမှုတွင် ပါင်ခဲ့သူမိန်းကလေးငယ်များ၏ တိုးတက်မှုများကို ၂၀၁၂ခုနှစ်မှ ၂၀၁၅အတွင်း  သုံးနှစ်ကျော်ကြာ မှတ်တမ်းတင် ရိုက်ကူးထားသည့် လက်ရာများမှ ဓာတ်ပုံပေါင်း ၃၃ ပုံကိုပြသခဲ့ကာ ယင်းတို့အနက်မှ ၁၀ ပုံကို လေလံတင်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံပညာရှင် Mr.Andrew Stanbridgeက "ကျွန်တော့ကို Girl Determined အဖွဲ့နဲ့စပြီး ၂၀၁၂ မှာ မိတ်ဆက်ခဲ့တဲ့ အခါမှာ သူတို့အဖွဲ့က မိန်းကလေးငယ်တွေရဲ့ဘဝအတွက် အပြုအဘောဆောင်တဲ့ အကျိုးရလဒ်တွေ ရရှိစေခဲ့တာတွေကို တွေ့လိုက်ရတော့ အံ့သြမိသွားတယ်၊ သူတို့အဖွဲ့ရဲ့ အောင်မြင်မှုတွေကို လူတွေပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သိစေအောင် ပြောပြပေးဖို့ ကူညီပေးချင်မိတဲ့အတွက် သူတို့အလုပ်တွေကို ဓာတ်ပုံရိုက်တဲ့ရေရှည် စီမံကိန်းကို စတင်ခဲ့တယ်" ဟု မဇ္ဈိမသို့ ပြောသည်။

ဓာတ်ပုံ လေလံတင်ရာမှ ရရှိလာသောအကျိုးအမြတ်များကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ မိန်းကလေးငယ်များ သူမတို့၏ အနာဂတ်များကို ကိုယ်တိုင်ပုံဖော်ရာတွင် လိုအပ်သော အတတ်ပညာများနှင့် မိမိကိုယ်ကိုယုံကြည်မူများကို ရရှိစေရန် ကြိုးပမ်းဆောင်ရွက်မှုများတွင် အသုံးပြုသွားမည်ဟုလည်း မနန့်သဇင်မင်းက ဆိုသည်။

Girl Determined ကိုတည်ထောင်သူ Ms.Brooke Zobrist က “အဲဒီပုံရိပ်တွေဟာ မြန်မာမိန်းကလေးများရဲ့လူမှုဘဝတွေ သူတို့တွေရဲ့ ပျော်ရွင်မှုတွေနဲ့ အခက်အခဲတွေသာမက၊ အောင်မြင်မှုတွေကို ထင်ဟပ်စေမှာဖြစ်ပြီးတော့ မိန်းကလေးငယ်တွေက မြန်မာနိုင်ငံအနာဂတ်အတွက် ဘယ်လောက် အရေးပါတယ်ဆိုတာကို အများပြည်သူကို ပြသနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"ဟု ဆိုသည်။

Girl Determined အဖွဲ့မှ ဆင်ခြေဖုံးရပ်ကွက်များနှင့် ကျေးလက်တောရွာတို့တွင် နေထိုင်ကြသည့် တိုင်းရင်းသားပေါင်းစုံ၊ ဘာသာပေါင်းစုံတို့မ မိန်းကလေးငယ်များ၏ ရင်ဆိုင်နေရသော အခက်အခဲများဖြစ်သည့် ဆုံးခန်းတိုင် ပညာသင်ခွင့် မရှိခြင်း၊ ကလေးလုပ်သားများအဖြစ် ခိုင်းစေခံရခြင်းတို့အပြင် ကျားမဖြစ်ခြင်းအပေါ် အခြေပြု အကြမ်းဖက်မှုများ၊ အရွယ်မတိုင်ခင် အိမ်ထောင်ပြုခြင်းနှင့် လူကုန်ကူးခံရခြင်းတို့ လျော့ပါးပျောပက်ပျက်စေရန် ယင်းအဖွဲ့၏ အပတ်စဉ် စက်ဝိုင်းလှုပ်ရှားမှုများမှတစ်ဆင့် မိန်းကလေးငယ်များ၏ ပညာရေး၊ ကျန်းမာရေးဗဟုသုတ၊ ဆုံးဖြတ်ချက်ချမှတ်ရာတွင် ပါဝင်ပတ်သက်ခြင်းနှင့် ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စများအတွက် လေ့ကျင့်သင်ကြားပေးလျက် ရှိသည်ဟုလည်း  မနန့်သဇင်မင်းက ဆိုသည်။

Girl Determined အဖွဲ့၏ အပတ်စဉ် စက်ဝိုင်းလှုပ်ရှားမှုများတွင် နှစ်နှစ်ကြာ တက်ရောက်သင်ကြားခဲ့သည့်
ရွှေပြည်သာမြို့နယ်မှ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသူ မမေဒီဇင်ဘာက "သမီးအရင်ကဆို လူရှေ့မထွက်ရဲ၊ မပြောရဲဘူး၊ ဒီအဖွဲ့က သမီးတို့တက်နေတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ တစ်ပတ်တစ်ခါလာသင်ပေးတယ်၊ ဒီဆရာမတွေဆီမှာ နှစ်နှစ်လောက် တက်လိုက်ရတဲ့အခါ ကိုယ်ကိုကို ယုံကြည်မှုတိုးလာပြီး သမီးဘာလုပ်ချင်တယ်ဆိုတာ ဆုံးဖြတ်နိုင်ခဲ့ပြီမို့သမီးက အင်ဂျင်နီယာလိုင်း လုပ်ချင်တယ်ဆိုတာ သေချာသိပြီး ကြိုးစားနိုင်ခဲ့ပါတယ်” ဟု ဆိုသည်။

Girl Determined အဖွဲ့ကို ၂၀၁၀ခုနှစ် မှစတင်ဖွဲ့စည်းခဲ့ပြီး အပြည်ပြည်ဆိုင်ရာမိန်းကလေးငယ်များနေ့ကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ဦးဆောင်ကျင်းပ၍ အပြုသဘောဆောင်သော စည်းရုံးလှုံ့ဆော်မှု (Campaign) အစီအဉ်များကို ပြုလုပ်နိုင်ကြစေရန် ပံ့ပိုးပေးမှုများလည်း လုပ်ဆောင်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly