စင်ကာပူ၊ ဇွန် ၂၇ ။ ။ သြစတြေးလျဝန်ကြီးချုပ် တိုနီအက်ဘော့သည် စင်ကာပူသို့ ၎င်း၏ပထမဆုံးခရီးစဉ်အဖြစ် ဇွန် ၂၈နှင့် ၂၉ ရက်တွင် ရောက်ရှိနေမည်ဖြစ်ပြီး စင်ကာပူ-သြတြေးလျတို့၏ ကျယ်ပြန့်သည့် မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ် CSP ကို လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ဇွန် ၂၇ တွင် ထုတ်ပြန်ခဲ့သည်။
စင်ကာပူဝန်ကြီးချုပ်လီရှန်လွန်းသည် မစ္စတာအက်ဘော့နှင့် CSP ကိုလက်မှတ်ရေးထိုးမည်ဖြစ်ပြီး ဇွန် ၂၉ တွင် အက်ဘော့အား ကြိုဆိုသည့် အခမ်းအနားလည်း ကျင်းပမည်ဖြစ်သည်။ သြစတြေးလျဝန်ကြီးချုပ်သည် ၎င်း၏ခရီးစဉ်အတွင်း စင်ကာပူသမ္မတ တိုနီ တန်ကင့်ယန်နှင့်လည်း တွေ့ဆုံမည်ဟု နိုင်ငံခြားရေးဋ္ဌာနက ပြောကြားခဲ့သည်။
Project 2025 သည် CSP တစ်ခုဖြစ်ပြီး သဘောတူညီချက်အရ ကဏ္ဍလေးခုနှင့် ပတ်သက်၍ နှစ်နိုင်ငံကြား ပေါင်းစည်းမှု အဆင့်သစ်များ ပြုလုပ်သွားမည်ဖြစ်သည်။
ယင်းကဏ္ဍလေးခုမှာ စီးပွားရေး၊ နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ ပြည်သူချင်းဆက်သွယ်မှုနယ်ပယ်တို့ဖြစ်သည်။ CSP ကိုလက်မှတ်ရေးထိုးမှုအပြင် မစ္စတာအက်ဘော့သည် စင်ကာပူရုက္ခဗေဒဥယျာဉ်သို့ သွားရောက်ကာ နှစ်နိုင်ငံဆက်ဆံရေးကို ဂုဏ်ပြုသည့်အနေဖြင့် သစ်ခွစပ်မျိုးတစ်ခုကိုလည်း အမည်ပေးမည်ဟု သိရသည်။ ထို့အပြင် ကျွန်တော်တို့၏ ဘုံစိန်ခေါ်မှု များနှင့် ဒေသတွင်းလုံခြုံရေးကို ခိုင်မာအောင်ပြုခြင်း ဆိုသည့်အမည်ဖြင့် ၃၅ခုမြောက် စင်ကာပူလက်ချာကိုလည်း ဟောပြော မည်ဖြစ်သည်။
မစ္စတာအက်ဘော့နှင့်အတူ ပြည်နယ်ဝန်ကြီးချုပ်များ၊ အရာရှိများအပြင် စီးပွားရေးကိုယ်စားလှယ်အဖွဲ့တစ်ခုပါ လိုက်ပါလာ မည်ဖြစ်သည်။
ယခုနှစ်တွင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှုမှာ နှစ် ၅၀ ပြည့်မြောက်ခဲ့ပြီး ဝန်ကြီးချုပ် အက်ဘော့၏ ခရီးစဉ်က နှစ်နိုင်ငံ ကြားနက်ရှိုင်းရှည်ကြာသည့် ဆက်ဆံရေးကို မီးမောင်းထိုးပြနေသည်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်ခဲ့သည်။