အိန္ဒိယတပ်ဖွဲ့များသည် အာရူနာချားပြည်နယ်နယ်စပ်တွင် တရုတ်တပ်ဖွဲ့ဝင်များနှင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး နှစ်နိုင်ငံအကြား ၁ နှစ်ကျော်အကြာ၌ ပထမဆုံးအကြိမ် ရန်ပွဲထပ်မံပေါ်ပေါက်လာခြင်းဖြစ်ကြောင်း အိန္ဒိယစစ်တပ်က ပြောသည်။
တရုတ်-အိန္ဒိယနယ်စပ်တွင် ၂၀၂၀ ခုနှစ်က နှစ်ဖက်တပ်ဖွဲ့အကြားဖြစ်ပွားခဲ့သော ရန်ပွဲ၌ တပ်ဖွဲ့ဝင် ၂၄ ဦးထက်မနည်းသေဆုံးပြီးနောက်ပိုင်း နှစ်နိုင်ငံသည် တင်းမာမှုအရှိန်လျှော့ချရန် လုပ်ဆောင်လျက်ရှိသည်။
အိန္ဒိယစစ်တပ်က အာရူနာချားလ်ပြည်နယ် တာဝမ်ဒေသဘက်တွင် ဒီဇင်ဘာ ၉ ရက်က တရုတ်တပ်နှင့် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း ဒီဇင်ဘာ ၁၂ ရက်က ထုတ်ဖော်ပြောဆိုခဲ့သည်။
နှစ်ဖက်စလုံးမှ စစ်သားအချို့ မစိုးရိမ်ဒဏ်ရာရရှိခဲ့ကြသည်ဟုဆိုသည်။
တရုတ်က အဆိုပါလိပ်ခဲတည်းလည်းအခြေအနေကို မှတ်ချက်တစ်စုံတစ်ရာမပြုခဲ့သော်လည်း အိန္ဒိယစစ်သား ၆ ဦးထက် မနည်း ဒဏ်ရာရရှိခဲ့ကြောင်း အိန္ဒိယတပ်သတင်းရင်းမြစ်ကို ကိုးကား၍ Reutersသတင်းဌာနက ဖော်ပြခဲ့သည်။
နှစ်ဖက်တပ်များသည် အဆိုပါဒေသမှ ချက်ချင်းဆုတ်ခွာသွားခဲ့ကြောင်းနှင့် တပ်မှူးများက ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးပြန်လည်ထူထောင်ရန် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အိန္ဒိယစစ်တပ်က ပြောသည်။