ဒီဇင်ဘာလ ၁၀ ရက်
စစ်ကိုင်းတိုင်း ၊ တမူးမြို့တွင် နေထိုင်ကြသော လုပ်ငန်းရှင် ကိုးဦးအား စစ်ကောင်စီတပ်မှ ဖမ်းဆီးခဲ့ပြီး အရေးယူရန် စစ်ဆေးလျက်ရှိနေကြောင်း တမူးမြို့ ဒေသခံ တစ်ဦးထံမှ သိရသည်။
အဆိုပါလုပ်ငန်းရှင်များကို ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ခလရ (၂၆၆) သို့ ခေါ်ယူ စစ်ဆေးနေကြောင်း ဆိုသည်။
အဖမ်းအဆီးခံရသူများမှာ ဒီဇင်ဘာလ ၇ရက်နေ့တွင် ဦးအောင်သူချမ်း (တမူးအောက်စီဂျင်ကော်မတီ) ၊ ဦးနန္ဒထူးအောင် (ဖုန်းဆိုင်) ၊ ဦးဝင်းထွဋ်အောင် ၊ ဦးကျော်ဆန်းလင်း ၊ ဒေါ်တင်တင်လှ ဖြစ်ပြီး၊ ၈ရက်နေ့တွင် မတင့်တင်လှိုင်(ခ) မလဲ့လဲ့ (အလှပြင်ဆိုင်) တို့ အဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။
ထို့ပြင် ဒီဇင်ဘာလ ၉ရက်နေ့တွင် ဦးဇော်သန့် (ကွန်ပျူတာစာစီစာရိုက်) ၊ ဦးညွှန့်ဦး (လက်သမား ) ၊ ဦးကျော်ဆန်းမင်း (ဆိုင်ကယ်ပြုပြင်ရေး) တို့ကိုလည်း စစ်ကောင်စီတပ်မှ ဖမ်းဆီးခဲ့ကြောင်းဆိုသည်။
“အဓိက ကတော့ ဗျာ ပြည်သူတွေကို အကြောက်တရားရိုက်သွင်းနေတာပေါ့ ၊ သူတို့ လုပ်ချင်တာလုပ်လို့ရတယ် ဆိုပြီး ပြည်သူတွေကို ကြောက်စေချင်တာ ၊ နောက်တစ်ခု ငွေညှစ်ဖို့ ဂွင်ဖန်တာလည်း ပါတာပေါ့ဗျာ” ဟု အဆိုပါ တမူးဒေသခံမှ မဇ္စျိမ ကိုပြောသည်။
အဖမ်းဆီးခံရသူများကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုရန် စီစဉ်လျက်ရှိကြောင်း သိရှိရသော်လည်း မဇ္စျိမ အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။
တမူးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသာမက ၎င်းတို့လက်နက်တပ်ဆင်ပေးထားသော ပျူစောထီးအဖွဲ့ဝင်ဆိုသူများမှလည်း စစ်ဆေးရေးဂိတ်များဖွင့်လျက် အကြောင်းအမျိုးမျိုးပြ စစ်ဆေးပြီး ငွေတောင်းခံခြင်း ၊ ကိုယ်ထိလက်ရောက် ကျူးလွန် ခြင်းများပြုလုပ်လျက်ရှိကြောင်း သိရသည်။
နိုဝင်ဘာလ ၂၄ရက်နေ့က တမူးမြို့မှ ပြန်လာသော ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူ ကိုရာဂျူး ဆိုသူ သတ်ဖြတ်ခံရပြီး အိန္ဒိယရူပီး ၃၅၀,၀၀၀ ၊ ဆိုင်ကယ် နှင့် ဖုန်း လုယူခံရမှု ဖြစ်ပွားခဲ့သည်။
တမူးမြို့နယ်တွင် စစ်ကောင်စီမှ စစ်သင်တန်းပေး၍ လက်နက်တပ်ဆင်ထားသော ပျူစောထီးများအင်အားကောင်းသကဲ့သို့ စစ်အာဏာရှင် ဆန့်ကျင်ရေး ကာကွယ်ရေးတပ်ဖွဲ့များလည်း အများအပြားရှိကာ တိုက်ပွဲများမကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များအရသိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)