ပေကျင်း၊ ဇွန်-၂၆ ။ ။ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (Foreign Direct Investment-FDI)မှာ ၂၀၀၈ ဘဏ္ဍာရေး အကျပ် အတည်းနောက်ပိုင်းတွင် ယမန်နှစ်ကအနိမ့်ဆုံးအမှတ်အထိကျဆင်းသွားခဲ့သော်လည်း FDI ကိုအဆွဲဆောင်နိုင်ဆုံး ကမ္ဘာ့၁၀နိုင်ငံ ထဲတွင် တရုတ်နိုင်ငံမှာ ထိပ်ဆုံးတွင် ရှိနေဆဲဟု ကုလ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးမှုညီလာခံ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
မကြာသေးမီက နိုင်ငံစုံလုပ်ငန်းကြီးများကို စစ်တမ်းကောက်ယူရာတွင် တုန့်ပြန်ဖြေကြားသူများ၏ ၂၈ရာခိုင်နှုန်းက FDI အတွက် ပထမဦးစားပေးအနေဖြင့် တရုတ်နိုင်ငံကိုသာလျှင် ရွေးချယ်ကြသည်ဟု ကုလ၏ ၂၀၁၅ ကမ္ဘာ့ ရင်းနှီးမြှုပ်နှံမှု အစီရင်ခံစာအရ သိရှိရသည်။
တစ်ပြိုင်နက်တည်းတွင် တရုတ်နိုင်ငံ၏ ပြည်ပရင်းနှီးမြှုပ်နှံမှု (Outbound direct Investment-ODI)မှာလည်း လာမည့်နှစ်များတွင် ဆက်လက်ပြီး အရှိန်အဟုန်နှင့် ဖွံ့ဖြိုးကြီးထွားလာမည်ဟု ခန့်မှန်းထားကြသည်။ ‘တရုတ်လုပ်ငန်းတွေဟာ ခိုင်မာတဲ့ အမြတ်ငွေ ရရှိနေသလို၊ နိုင်ငံရဲ့ အရင်းအနှီးဈေးကွက်ကလည်း ငွေပင်ငွေရင်း အဆင်သင့်အရင်းမြစ်တွေကို ထုတ်ပေးနေတဲ့အပြင် ယွမ်ရဲ့ ငွေလဲနှုန်းကလည်း တည်ငြိမ်နေလို့ တရုတ်နိုင်ငံရဲ့ စက်မှုလုပ်ငန်းကဏ္ဍ အဆင့်မြှင့်ဖို့နဲ့ စီးပွားရေးဖွံ့ဖြိုးမှုအတွက် ပြည်ပ ရင်းနှီးမြှုပ်နှံမှု (ODI)ဟာ အဓိကကျတဲ့ မောင်းနှင်အားတစ်ရပ်ပါပဲ’’ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကုလအစီရင်ခံစာအရ ယမန်နှစ်က တရုတ်နိုင်ငံအတွင်းသို့ စီးဝင်လာသည့် FDIပမာဏမှာကန်ဒေါ်လာ ၁၂၉ဘီလျံ ရှိခဲ့ပြီး၊ နှစ်စဉ် ၄ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်ဟု ဆိုသည်။
ရင်းနှီးမြှုပ်နှံမှုမှာ ကုန်ထုတ်လုပ်မှုအပိုင်းတွင် ကျဆင်းသွားခဲ့သော်လည်း ဝန်ဆောင်မှုကဏ္ဍတွင်မူ တိုးလာခဲ့သည်။ ယင်းမှာ ပထမ ဆုံးအကြိမ် တရုတ်နိုင်ငံက ကမ္ဘာ့အကြီးမားဆုံး FDI စီးဝင်ရာနိုင်ငံအဖြစ် အမေရိကန်ကို ကျော်တက်သွားခဲ့ခြင်းပင်ဖြစ်သည်။
တရုတ်ပြည်မကြီး၏ ပြည်ပရင်းနှီးမြှုပ်နှံမှု (ODI)မှာလည်း ယမန်နှစ်က ကန်ဒေါ်လာ ၁၁၆ဘီလျံအထိ၊ ၁၅ရာခိုင်နှုန်း မြင့်တက် လာခဲ့သည်ဟု အမေရိကန်နှင့် ဟောင်ကောင်တို့နောက် တတိယအကြီးမားဆုံး နေရာကို ရောက်ရှိလာခဲ့သည်။