ဒီဇင်ဘာလ ၉ ရက်
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာ ခြောက်ရွာမှ ဘုန်းကြီးကျောင်းအပါအဝင် လူနေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။
ယနေ့ ဒီဇင်ဘာလ ၉ ရက် နံနက်ပိုင်းမှ စတင်ကာ အင်အား ၁၅၀ခန့်ပါ စစ်ကောင်စီတပ်သည် ညောင်လှရွာ နှင့် နမျှားကျေးရွာအပါအဝင် ကျေးရွာခြောက်ရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေခြင်းဖြစ်သည်ဟု S&C မှ တာဝန်ရှိသူက ဆိုသည်။
“အဝေးကပဲလှမ်းကြည့် ခန့်မှန်းနေရတယ်။ ဘယ်သူမှ သွားမကြည့်ရဲဘူး။ S&C စစ်ဘေးသင့်စခန်းမှာပဲအားလုံး အဝေးကကြည့်ပြီး ဘယ်ရွာမီးရှို့နေတယ်ဆိုပြီး မီးခိုးတက်လာတဲ့နေရာ ခန့်မှန်းကြည့်နေရတယ်။အခြေအနေ ကတော့အရမ်းဆိုးတာပေါ့” ဟု S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ကိုစိုးမိုးအောင်က မဇ္ဈိမကိုပြောသည်။
ယခုကဲ့သို့ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နမျှားရွာတွင် ရွာလုံးကျွတ် မီးလောင်ပြာကျသွားပြီး ညောင်လှရွာမှ လူနေအိမ် ၆၅ လုံးအပြင် ဘုန်းကြီးကျောင်းတစ်ကျောင်းပါ မီးထဲပါသွားကြောင်းနှင့် တခြားရွာများမှ မီးလောင်ဆုံးရှုံးမှုအခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်းလည်း သိရသည်။
ထို့အပြင် စစ်ဘေးရှောင်နှင့် မီးဘေးသင့်ပြည်သူများအတွက် အစားအစာ၊ အဝတ်ထည်နှင့် ခြုံစောင်များ အရေးပေါ်လိုအပ်လျှက်ရှိသည်ဟု ဆိုသည်။
စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၁ရက်မှစတင်ကာ ယနေ့အထိ ဒီပဲယင်းမြို့နယ်အတွင်း ဘုန်းကြီးကျောင်း သုံးကျောင်းနှင့် ကျေးရွာ ၁၄ ရွာထက်မနည်း မီးရှို့ဖျက်ဆီးထားပြီး ဖမ်းဆီးသတ်ဖြတ်ခံရသူများလည်းရှိကြောင်း ဆိုသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)