ရန်ကုန် ဇွန် ၂၅ ။ ။ ၂၀၁၅ ခုနှစ်၊ မတ်လအတွင်းက ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းဈေးမှပြည်လမ်းတစ်လျှောက် လမ်းလျှောက်ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်ခဲ့သည့် အတွက်အမှုဖွင့်တရားစွဲဆိုခံထားရသည့် ဗကသကျောင်းသား ကိုနန္ဒစစ်အောင်၊ မပိုပိုနှင့် ဝန်းရံပြည်သူ ကိုဝင်းကျော့မှူး၏အမှုအတွက် တရားလိုကို ဇွန် ၂၅ ရက်တွင် စတင်စစ်ဆေးခဲ့သည်။
အမှုအတွက်ဗကသကျောင်းသား ကိုကျော်ကိုကို၊ ကိုနန္ဒစစ်အောင်၊ ကိုရှိန်းရာဇာထွန်း၊ ကိုဂျိမ်းစ်၊ မပိုပိုနှင့် ကိုဝင်းကျော့မှူး တို့ခြောက်ဦးကို တရားစွဲဆိုထားခြင်းဖြစ်ပြီး ကိုကျော်ကိုကို၊ ကိုရှိန်းရာဇာထွန်းနှင့် ကိုဂျိမ်းစ်တို့ကိုဖမ်း ဆီးရမိခြင်းမရှိသေး၍ မျက်ကွယ်စစ်ဆေးခြင်းဖြစ်သည်။
၎င်းတို့ကို နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅(ခ) အပါအဝင် လူစုလူဝေးဆိုင်ရာပုဒ်မများဖြစ်သည့် ၁၄၃၊ ၁၄၅၊ ၁၄၇ စသည့်ပုဒ်မများဖြင့်တရားစွဲဆိုထားခြင်းဖြစ်ပြီး ၁၀ ကြိမ်မြောက်ရုံးချိန်းတွင် အမှု၏တရားလိုဖြစ်သူ ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းကိုစစ်ဆေးခြင်းဖြစ်သည်။
အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေဦးဌေးက " လာမယ့်ရုံးချိန်းမှာလဲ တရားလိုကိုထပ်မံစစ်ဆေး သွားမှာပါ၊ တစ်ဖက်ရှေ့ နေဘက်ကပြန်လည်မေးခွန်းမေးမြန်းမှာဖို့ရှိသေးသလို ကျွန်တော်တို့ ဘက်ကလဲစစ်မေးဖို့ရှိပါသေး တယ်၊ ကျောင်းသားတွေဘက်ကအမှန် တရားပေါ်အောင် စစ်ဆေးသွားမှာပါ။ " ဟုပြောသည်။
ကိုဝင်းကျော့မှူးကိုအခင်းဖြစ်ပွားသည့်နေ့က ဖမ်းမိခဲ့ခြင်းဖြစ်ပြီး၊ မပိုပိုကိုဧပြီ ၈ ရက်ကဖမ်းမိခဲ့ခြင်းဖြစ်ကာ လွတ်မြောက်နေ သူများကိုလည်း ဆက်လက်ဖမ်းဆီးသွားမည်ဟု ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့်မတ် ၁၀ ရက်၊ မွန်းလွဲ ၂ နာရီခန့်က လက်ပံတန်းရှိပင်မကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွင်းခဲ့ သည့်အတွက် ရန်ကုန် တိုင်း၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းဈေးမှစ တင်၍ပြည်လမ်းတစ်လျှောက် ဆန္ဒဖော်ထုတ်ရာတွင်ပါဝင် ခဲ့ကြသည့် ကိုဝင်းကျော့မှူး၊ ကျော်ကိုကို၊ နန္ဒစစ်အောင်၊ ဂျိမ်းစ်၊ ရှိန်းရာဇာထွန်းနှင့် မပိုပိုတို့ခြောက်ဦးကို ကမာရွတ်မြို့ နယ်ရဲတပ် ဖွဲ့မှူး ရဲမှူးဇော်ဝင်းက တရားလိုပြုတိုင်တန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါအမှုကို ကမာရွတ်မြို့နယ်တရားရုံးက ပြစ်မှုကြီးအမှတ် ၉၅/၂၀၁၅ ဖြင့်လက်ခံစစ်ဆေးနေပြီး လာမည့်ဇူလိုင် ၉ ရက်တွင် စစ်ဆေးရန်အတွက် ရုံးချိန်းချိန်းဆိုထားသည်။