မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တောင်ဘက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ တပ်သား ၁၀၀ ကျော်ခန့်က ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် ရေမိန်ကျေးရွာကို မီးတင်ရှို့ခဲ့ကြောင်း သိရသည်။
“ရေမိန်က တောင်ရွာ၊ မြောက်ရွာဆိုပြီးရှိတာ။ အခုစစ်သားတွေမီးရှို့သွားတာကတော့ ရေမိန်တောင်ရွာ ရော မြောက်ရွာကိုပါမီးရှို့သွားတာ။ ရွာကလူတွေကတော့ စစ်သားတွေ ရေမိန်ရွာကိုမရောက်ခင်ကတည်း က ရွာလုံးကျွတ်ထွက်ပြေးနေရတာ။ အိမ်ခြေ ဘယ်လောက်ပါသွားတယ်ဆိုတာတော့ မသိရသေးဘူး”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကဆိုသည်။
ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုများကြောင့် ရေမိန်၊ ဘုတ်စုနှင့် ငွေသာ ကျေးရွာများမှ လူဦးရေ ၁,၀၀၀ ခန့် စစ်ရှောင်နေရကြောင်း သိရသည်။
အိမ်ခြေ ၂၀၀ ခန့်ရှိသည့် ရေမိန်ကျေးရွာသည် လယ်ယာစိုက်ပျိုးရေးကို အဓိကထားအသက်မွေးဝမ်း ကြောင်းလုပ်ကိုင်နေသည့်ကျေးရွာဖြစ်ပြီး စစ်ကောင်စီတပ်၏စစ်ကြောင်းထိုးမှုများကြောင့် မကြာခဏ ထွက်ပြေးတိမ်ရှောင်နေရသည်ဟု ဒေသခံများထံမှ သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ