တရုတ်ကွန်မြူနစ်ပါတီ၏ အကြိမ် ၂၀ မြောက် ညီလာခံတွင် ရှီကျင့်ဖျင်က နိုင်ငံခေါင်းဆောင်အဖြစ် သမိုင်းဝင်တတိယသက်တမ်းရယူမှုအပြီး ၃ လနီးပါးအကြာ၌ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကိုဆန့်ကျင်သည့် Blank Paper Revolution (စာရွက်လွတ်တော်လှန်ရေး) သည် ကမ္ဘာ့ဒုတိယစီးပွားရေးအင်အား အကြီးဆုံးဖြစ်သည့် တရုတ်နိုင်ငံကို ရိုက်ခတ်လာသည်။
တရုတ်သမ္မတသည် မကြုံစဖူးအကျပ်အတည်းကို ရင်ဆိုင်နေရကြောင်း ဆောင်းပါးရှင် ဖက်ဒရီကိုဂူလီယာနီက InsideOver သတင်းဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။
“ရှီကျင့်ဖျင်က ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို မစွန့်လွှတ်ရင် ပြောင်းလဲမှုကြီးကြီးမားမားတွေဖြစ်လာနိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက ယုံကြည်ထားကြသလို ကမ္ဘာကြီးကလည်း ဖြစ်နိုင်ဖွယ်မရှိတဲ့ ကွန်မြူနစ် ပါတီရဲ့ပြိုလဲမှုကို စိတ်ဝင်တစားစောင့်ကြည့်နေပါတယ်” ဟု ဖက်ဒရီကိုဂူလီယာနီက ပြောသည်။
ကပ်ရောဂါစတင်ဖြစ်ပွားကတည်းက အစိုးရချမှတ်ထားသော တင်းကျပ်သည့် ကိုဗစ်မူဝါဒများကို ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်မှုများအပေါ် နောက်ဆုံးဖြိုခွင်းမှုနှင့်ပတ်သက်ပြီး တရုတ်သည် ပြင်းထန်သောဝေဖန်မှုများကို ရင်ဆိုင်နေရသည်။
စာရွက်လွတ်များသည် ကွန်မြူနစ်ပါတီသတ်မှတ်သော ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ဆန့်ကျင်သည့် လူထုအုံကြွမှု၏ သင်္ကေတတစ်ခုဖြစ်လာသည်ဟု ဂူလီယာနီက ဆိုသည်။
တရုတ်တွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်မရှိကြောင်းပြသမှုအဖြစ် ဆန္ဒပြသူများက A4 အရွယ်အစား စာရွက်လွတ်များကို ကိုင်ဆောင်ဆန္ဒပြကြခြင်းဖြစ်သည်။
ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားပါက ရှီက နှိမ်နင်းရန် အမိန့်ပေးလာနိုင်ကြောင်း ဆောင်းပါးရှင် ဂျွန်ပွန်ဖရက်က Washington Post သတင်းစာတွင် ရေးသားထားသည်။