(ဘာလင်)။ ။ အီရတ်နှင့် ဆီးရီးယား တိုက်ပွဲနယ်မြေများရှိ အိုင်အက်စ်အဖွဲ့သို့ ပူးပေါင်းဝင်ရောက်ကြသည့် ဂျာမနီနိုင်ငံသူ အမျိုးသမီးနှင့် မိန်းကလေး အရေအတွက် များပြားလျက်ရှိကြောင်း ဖွဲ့စည်းပုံ စောင့်ရှောက်ရေးဆိုင်ရာ ဂျာမနီ ဖက်ဒရယ်ရုံးက ထုတ်ပြန်ထားသည်။
အသက် ၂၅ နှစ်အောက်အရွယ် ဂျာမန်သူများ အိုင်အက်စ်အဖွဲ့သို့ ဝင်ရောက်မှု ကြီးထွားလာခြင်းကို ဖက်ဒရယ်ရုံး ဥက္ကဌ ဟန့်စ်ဂျော့်မီဆင်းက ဘာလင်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
အိုင်အက်စ်တို့ဘက်မှ ပါဝင်တိုက်ပွဲဝင်နေကြသည့် ဂျာမနီနိုင်ငံသား ၇၀၀ တွင် ၁၀၀ ဝန်းကျင်မှာ အမျိုးသမီးများဖြစ်ကြပြီး ယင်းအရေအတွက် ထက်ဝက်ခန့်မှာ အသက် ၂၅ နှစ်အောက်အရွယ်များဖြစ်ကြောင်း ဟန့်စ်ကဖြည့်စွက်ပြောသည်။
"အိုင်အက်စ်တို့ရဲ့ လူသစ်စုဆောင်းမှုတွေက အင်တာနက်ကရော လူချင်း တိုက်ရိုက်ဆက်သွယ်မှု လုပ်ပြီးရော လူသစ် ရှာဖွေစုဆောင်းမှုတွေ တိုးများလာပြီး အမျိုးသမီးများ လူသစ်စုဆောင်းခံရတဲ့ အရေအတွက်က များပြားလာတာပဲ
ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ဂျာမနီနိုင်ငံတွင်း အိုင်အက်စ်အဖွဲ့အပေါ် ယုံကြည်သက်ဝင်သူ ဦးရေက ၇၅၀၀ ခန့် တိုးတက်လာခဲ့ကြောင်းလည်း ဟန့်စ်က ပြောသည်။ "ဒီခြိမ်းခြောက်မှုက ကြီးထွားလာနေပါပြီ” ဟု ၎င်းက သတိပေးသည်။
ဆီးရီးယား သို့မဟုတ် အီရတ်တွင် အိုင်အက်စ်အဖွဲ့ဝင်ကာ အစွန်းရောက် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ကြသည့် ဂျာမနီနိုင်ငံသားများ သေဆုံးသူဦးရေမှာ ၁၀၀ ဝန်းကျင်ခန့် ရှိမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။
REF : Press TV