ပြည်တွင်းရှိ စက်သုံးဆီဈေးနှုန်း ၉၂ တစ်လီတာ ၂,၀၀၀ ကျပ်သို့ရောက်ရှိ

ပြည်တွင်းရှိ စက်သုံးဆီဈေးနှုန်း ၉၂ တစ်လီတာ ၂,၀၀၀ ကျပ်သို့ရောက်ရှိ

နိုဝင်ဘာလ ၂၅ ရက်

ပြည်တွင်းရှိစက်သုံးဆီဈေးနှုန်းများမှာ ၂,၀၀၀ ကျပ်အထက်တွင် ရက်သတ္တပတ် သုံးပတ်ကြာ ဆက်တိုက်မြင့်တက် ခဲ့ရာမှ ယနေ့ နိုဝင်ဘာ ၂၅ရက်တွင် ၉၂ တစ်လီတာလျှင် ၂,၀၀၀ ကျပ်သို့ပြန်လည်ရောက်ရှိသွားကြောင်းသိရသည်။

ယမန်နေ့ နိုဝင်ဘာ ၂၄ရက် စက်သုံးဆီဈေးနှုန်းများမှာ ၉၂ တစ်လီတာ၂,၀၇၅ကျပ်၊ ၉၅ တစ်လီတာ ၂,၁၇၅ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂,၄၇၀ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၂,၅၄၅ ကျပ် ဖြစ်ကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာလ ၂၅ရက် စက်သုံးဆီဈေးနှုန်းများမှာ ၉၂ တစ်လီတာ၂,၀၀၀ကျပ်၊ ၉၅ တစ်လီတာ ၂,၀၉၅ကျပ် ၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂,၃၉၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၂,၄၆၅ ကျပ် ဖြစ်၍ အနည်ငယ် ကျဆင်းခဲ့သည်ကို စစ်ကောင်စီလက်အောက်ခံ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ ဈေးနှုန်းများမှာ ရည်ညွှန်းဈေးနှုန်းများသာဖြစ်ပြီး နေရာဒေသအလိုက် ဈေးနှုန်းကွာခြားမှုများရှိနေကြောင်း စုံစမ်းသိရှိရသည်။

"ပြီးခဲ့တဲ့ရက်ပိုင်းတွေက သီတင်းကျွတ်၊ တန်ဆောင်တိုင် ပိတ်ရက်ရှည်တွေကြောင့် ခရီးသွားလာသူများတော့ ဆီဈေးတက်တာ။ အခုက ၂,၀၀၀ ကျပ်ပြန်ရောက်ပြီဆိုပေမယ့် လာမည့်ရက်ပိုင်းအတွင်း ခရစ္စမတ်၊ နှစ်သစ်ကူးပိတ်ရက်တွေမှာ ဈေးပြန်တက်မယ့် သဘောရှိတယ်" ဟု မဇ္ဈိမ၏ သတင်းရင်းမြစ် စက်သုံးဆီလုပ်ငန်းရှင် ကဆိုသည်။

စက်သုံးဆီဈေးနှုန်း အမြင့်ဆုံးဖြစ်သည့် ချင်းပြည်နယ်အတွင်းရှိမြို့နယ်များနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မြို့နယ်များတွင် လက်ရှိအချိန်ထိ စက်သုံးဆီပြတ်လပ်မှုများ မကြာခဏ ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။

" စက်သုံးဆီဈေး ၂,၀၀၀ ဖြစ်တယ်၊ ၂,၀၀၀ အထက်တက်သွားတယ်ဆိုလည်း ဒီမှာက အဲ့ဒီဈေးနဲ့မရဘူး။ ၉၂ တစ်လီတာ အနည်းဆုံး ၃,၀၀၀ နဲ့ဝယ်ရတာ။ ဒါတောင် အမြဲတမ်းရချင်မှရတာ " ဟု ကျိုင်းတုံမြို့ရှိ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

စာတည်း။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly