ခင်ဦးမြို့နယ် မြင်းဒေါင်းကျေးရွာကို စစ်ကောင်စီတပ် မီးရှို့

ခင်ဦးမြို့နယ် မြင်းဒေါင်းကျေးရွာကို စစ်ကောင်စီတပ် မီးရှို့

နိုဝင်ဘာလ ၂၅ ရက်

စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်း၌ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က နိုဝင်ဘာလ ၂၅ ရက် နံနက် ၁၀ နာရီခန့်တွင် မြင်းဒေါင်းကျေးရွာကို မီးတင်ရှို့ခဲ့ကြောင်းသိရသည်။

အိမ်ခြေ ၆၀၀ ခန့်ရှိသည့် မြင်းဒေါင်းကျေးရွာကို နေရာ သုံးခုခွဲ၍ လေသင့်ရာ အရပ်မှ မီးရှို့ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ ကျွန်မတို့ မြင်းဒေါင်းရွာကို နေရာ (၃) ခွဲပြီး မီးရှို့နေတာ နံနက် ခင်းကနေ အခု ညနေစောင်း အထိပါပဲ ။ ရွာကလူတွေ အကုန်လုံးကတော့ စစ်သားတွေ မလာခင်ကတည်းက အကုန်ကြောက်လှန့် ပြီး ထွက်ပြေးရတာပဲ။ စစ်တပ်က ရွာထဲ လူတွေ့ရင် ကြီးသည် ငယ်သည် မရွေးဘူး သတ်ပစ်ကြတာ ဆိုတော့ ဘယ်သူမှ မနေရဲကြဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံကဆိုသည်။

လယ်ယာ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထား လုပ်ဆောင်နေသည့် ခင်ဦးမြို့နယ်အတွင်းကကျေးရွာများ ဖြစ်ကြသည့် ကျောက်တိုင်- ကျီစု ၊ မုံလှ ၊ မြင်းဒေါင်း စသည့် ကျေးရွာများကို

စစ်ကောင်စီတပ်က အင်အားအလွန်အကျွံသုံး၍ တစ်ရွာဝင် တစ်ရွာထွက် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသည်ဟု သိရသည်။

စာတည်း ။ ။ စိုးသူအောင်

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly