နိုဝင်ဘာလ ၂၄ ရက်
ကုလသမဂ္ဂ၏ အမျိုးသမီးများအား အကြမ်းဖက်မှု ပပျောက်ရေး နိုင်ငံတကာနေ့ အကြို၌ အာဖဂန်အမျိုးသမီး တစ်ဒါဇင်ကျော်သည် ၎င်းတို့၏ အခွင့်အရေးအား အသိအမှတ်ပြုရေး တောင်းဆိုလျက် ကဘူးလ်တွင် ကြာသပတေးနေ့က ဆန္ဒပြကြသည်။
ပြီးခဲ့သည့်နှစ် ဩဂုတ်လ၌ တာလီဘန်များ အာဏာပြန်ရလာပြီးအချိန်မှစကာ အာဖဂန်အမျိုးသမီးများသည် အများနှင့်ဆိုင်သော ကိစ္စရပ်များ၌ တင်းကျပ်ခံလာရခြင်း ဖြစ်သော်လည်း သေးငယ်သော အုပ်စုများက ဆန္ဒပြမှုများ မကြာခဏဆိုသကဲ့သို့ ဆင်နွှဲကြရာ မြန်မြန်ဆန်ဆန်ပင် အပြီးသတ်ရခြင်းဖြစ်ပြီး တစ်ခါတစ်ရံ အကြမ်းဖက်ပိတ်ပင်ခံရခြင်းများ ရှိသည်။
“ကျွန်မတို့ရဲ့ အခွင့်အရေးတွေအတွက် အဆုံးထိ ကျွန်မတို့ တိုက်ပွဲဝင်သွားမယ်၊ လက်လျော့မှာ မဟုတ်ဘူး”ဟု ဆိုသော ဆိုင်းဘုတ်ကို ဆန္ဒပြအမျိုးသမီးတစ်ဦးက ကိုင်ဆောင်ထားသည်ကို မြင်တွေ့ရသည်။
ယင်း ဆန္ဒပြအုပ်စုတွင် အများစုမှာ နေကာမျက်မှန်မည်းများ တပ်ထားပြီး ခေါင်းမြီးခြုံများ ဝတ်ဆင်ထားကာ မျက်နှာပေါ်တွင် နှာခေါင်းစည်းများလည်း တပ်ဆင်ထားကြသည်။
ယခု ဆန္ဒပြပွဲကို တာလီဘန်တိုက်ခိုက်ရေးသမားများက အနီးကပ်စောင့်ကြည့်နေပြီး အနီးဝန်းကျင်တွင်လည်း ထောက်လှမ်းရေးအမှတ်တံဆိပ်ပါ ကားများက လှည့်မောင်းလျက် ရှိသည်။
တာလီဘန်များ အာဏာပြန်ရချိန်မှစပြီး အာဖဂန်နစ္စတန်တွင် အမျိုးသမီး အစိုးရဝန်ထမ်း အများစု အလုပ်အကိုင် ဆုံးရှုံးကြရခြင်း သို့မဟုတ် မဖြစ်စလောက် ငွေကြေး ပေးကာ အိမ်မှာပဲ နေခိုင်းခြင်းများ ရှိသည်။ အမျိုးသမီးများသည် အမျိုးသားဆွေမျိုးသားချင်း မပါဘဲ ခရီးသွားလာခြင်းကိုလည်း တားမြစ်ခံထားရပြီး အိမ်ပြင်ထွက်လျှင် မွတ်စလင်ခေါင်းမြီးခြုံကို ခြုံလွှမ်းကြရသည်။
ယခု အစောပိုင်း၌ တာလီဘန်များသည် အမျိုးသမီးများအား ပန်းခြံ၊ ပျော်ပွဲစားပွဲ၊ အားကစားခန်းမများနှင့် အများသုံးရေချိုးကန်များသို့ သွားရောက်ခြင်းများ တားမြစ်ခဲ့သည်။
နိုင်ငံ၏ အများစုတွင် ဆယ်ကျော်သက်ရွယ် မိန်းကလေးများအတွက် စာသင်ကျောင်းများကိုလည်း ပိတ်လိုက်ကြသည်။
အမျိုးသမီးများအား အကြမ်းဖက်မှု ပပျောက်ရေး နိုင်ငံတကာနေ့ကို ကမ္ဘာတစ်လွှား၌ နိုဝင်ဘာ ၂၅ ရက်တွင် ပြုလုပ်လေ့ရှိသည်။
ကမ္ဘာပေါ်တွင် အမျိုးသမီးနှင့် မိန်းကလေးများအား အကြမ်းဖက်မှုများသည် အများဆုံး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားဆဲ လူ့အခွင့်အရေး ချိုးဖောက်မှုအဖြစ် ရှိနေဆဲ ဖြစ်ကြောင်း ကုလသမဂ္ဂအရ သိရသည်။ အမျိုးသမီး သုံးဦးလျှင် တစ်ဦးနှုန်းသည် အကြမ်းဖက်ခံနေရကြသည် ဆို၍ ယင်းနှုန်းထားသည် လွန်ခဲ့သည့် ဆယ်နှစ်က နှုန်းထားအတိုင်း အများစု မပြောင်းမလဲဘဲ ရှိနေသည်။
(မိုးသဲ ဘာသာပြန်သည်။)