နိုဝင်ဘာ ၂၁
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်ရှိ သီးဘွာလ်တပ်စခန်းမှ စစ်ကောင်စီတပ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးသွားကြောင်း ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ CNDF က သတင်းထုတ်ပြန်သည်။
ယမန်နေ့ နိုဝင်ဘာလ၂၀ရက် နံနက် ၁၁နာရီ ၃၈မိနစ်တွင် လက်ဖြောင့်တပ်သားများက စနိုက်ပါဖြင့် ချောင်းပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ကျည်ဆံ ၂၀၀ကျော် သိမ်းဆည်း နိုင်ခဲ့ကြောင်းဆိုသည်။
“ရဟတ်ယာဉ် နှစ်ကြိမ်ဆင်းတော့ လူနဲ့ လက်နက်ခဲယမ်း ရိက္ခာထပ်ပြီးတော့ ပို့တယ်လို့ထင်တယ် ၊ တိုက်ပွဲထိတွေမှုကတော့ အချိန်မရွေးဖြစ်နိုင်တဲ့အခြေ အနေပါ” ဟု CNDF ပြောရေးဆိုခွင့်ရှိသူ Salai Cung Ngai က မဇ္စျိမ ကိုပြောသည်။
ယမန်နေ့ နံနက် ၁၀နာရီအချိန်ခန့်တွင် သီးဘွာလ်စခန်းအတွက် စားနပ်ရိက္ခာ ၊လက်နက်အကူအညီများ တိုက်ပွဲသုံး ရဟတ်ယာဉ် နှစ်စီးဖြင့် လာရောက်ပို့ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့နောက် နံနက် ၁၀နာရီ ၃၀မိနစ်ခန့်အချိန်တွင် တိုက်ပွဲသုံး MI 35ဖြင့် CNDF အပါအဝင် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များအား လာရောက်ပစ်ခတ်ပြီး ၁၁နာရီ ၂၀မိနစ်အချိန်တွင် တိုက်ပွဲသုံးရဟတ်ယာဉ်ဖြင့် ရိက္ခာများဆက်လက်ဖြည့်တင်းခဲ့သည်ဟု ယူဆကြောင်း ဆိုသည်။
စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်ခဲ့လျှင် တစ်ဦး တစ်ယောက်မျိုးမဟုတ်ဘဲ အစုလိုက်ဖြစ်သွားနိုင်သောကြောင့် တပ်ဖွဲ့သားများအတွက် စိုးရိမ်ရကြောင်း ပြောရေးဆိုခွင့်ရှိသူက လက်ဆက်ပြောဆိုသည်။
သီးဘွာလ်စခန်းတွင် စစ်ကောင်စီတပ်သား ၃၀ဦးခန့် ဆက်လက်တပ်စွဲလျှက်ရှိပြီး ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များက ဆက်လက်ပိတ်ဆို့ထားကာ ယမန်နေ့ ပစ်ခတ်မှုအတွင်း ၎င်းတို့ဘက်မှ အထိအခိုက် မရှိကြောင်း သိရသည်။
နိုဝင်ဘာလ ၁၅ရက်နေ့ မှ ၁၉ရက်နေ့အထိ ငါးရက်တိုင် သီးဘွာလ်စခန်း ကို CNDFနှင့် ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့များက မြေပြင်ထိုးစစ်နှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃၀ ဦးသေဆုံးခဲ့ကြောင်းသိရသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)