ထိုင်ဝမ်အစိုးရက ထုတ်လွှင့်သည့် အင်္ဂလိပ်ဘာသာစကား အွန်လိုင်း streaming ဝန်ဆောင်မှု TaiwanPlus ရုပ်သံလိုင်းသည် Apple ၏ China App Store မှ ဖယ်ရှားခံရပြီး ဝက်ဘ်ဆိုက်ကိုလည်း တရုတ်နိုင်ငံတွင် ပိတ်ဆို့ထားကြောင်း TaiwanPlus သတင်းစင်တာ ဒါရိုက်တာ လော်ရာချောင် က CNA သို့ နိုဝင်ဘာ ၁ ရက်တွင် ပြောသည်။
အဆိုပါအက်ပလီကေးရှင်းသည် တရုတ်တွင် ဥပဒေနှင့်ဆန့်ကျင်သောအကြောင်းအရာများပါဝင်သောကြောင့် China App Store မှဖယ်ရှားမည်ဖြစ်ကြောင်း Apple ၏အက်ပလီကေးရှင်းဖြန့်ချိရေးပလက်ဖောင်းဖြစ်သော App Store က TaiwanPlus ကို နိုဝင်ဘာ ၁၀ ရက်က အကြောင်းကြားလာကြောင်း TaiwanPlus က လူမှုမီဒီယာ၌ နိုဝင်ဘာ ၁၁ ရက်က တင်ခဲ့သည်။
ယခင်က တရုတ်နိုင်ငံတွင် ကြည့်ရှုနိုင်သော TaiwanPlus ၏ ဝက်ဘ်ဆိုက်ကိုလည်း ပိတ်ပစ်ကြောင်း ချောင်က ပြောသည်။
TaiwanPlus ပလက်ဖောင်းကို ကြီးကြပ်သော ထိုင်ဝမ်ယဉ်ကျေးမှုဝန်ကြီးဌာနက တရုတ်နိုင်ငံအနေဖြင့် ယုံကြည်မှုပိုရှိသင့်ကြောင်းနှင့် အမှန်အကန်သတင်းများကို ထုတ်လွှင့်သည့် ပရော်ဖက်ရှင်နယ်မီဒီယာကို မကြောက်သင့်ကြောင်း တုံ့ပြန်ခဲ့သည်။
ထိုင်ဝမ်ယဉ်ကျေးမှုဝန်ကြီးဌာနက TaiwanPlus သည် သတင်းစာပညာပါ ပရော်ဖက်ရှင်နယ်ကျင့်ဝတ်ကို လက်ကိုင်ထားပြီး အရည်အသွေးမြင့် နိုင်ငံတကာသတင်းနှင့် အစီအစဉ်များကို ထုတ်လုပ်ကာ ထုတ်လွှင့်နေ ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံမှပြည်သူများအနေဖြင့် တရုတ်၏ အင်တာနက်ဆင်ဆာစနစ် Great Firewall ကို ရှောင်ရှားရန် VPN သုံး၍ TaiwanPlus ကို ကြည့်ကြရန် ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
TaiwanPlus ရုပ်သံလိုင်းကို ၂၀၂၁ ခုနှစ် ဩဂုတ် ၃၀ ရက်တွင် တရားဝင်ထုတ်လွှင့်ခဲ့ပြီး iOS နှင့် Android ဗားရှင်းဖုန်းများ၌ အက်ပလီကေးရှင်းကို ရယူနိုင်ကာ Facebook၊ YouTube၊ Twitter နှင့် Instagram တို့တွင်လည်း ကြည့်ရှုနိုင်သည်။
TaiwanPlus သည် ထိုင်ဝမ်နှင့် နိုင်ငံတကာရေးရာ နောက်ဆုံးရသတင်းများအပြင် ယဉ်ကျေးမှု၊ နည်းပညာ၊ သဘာဝပတ်ဝန်းကျင်နှင့် လူနေမှုပုံစံစသည့် အကြောင်းအရာမျိူးစုံကို တင်ဆက်ကြောင်း ဝက်ဆိုက်တွင် ဖော်ပြထားသည်။