ထိုင်ဝမ်သို့ လာရောက်လည်ပတ်မည့် ဗြိတိန်ကုန်သွယ်ရေးမူဝါဒရေးရာဝန်ကြီး ဂျီဟန်းအား တရုတ်က ပြစ်တင် ရှုတ်ချခဲ့ပြီး ဗြိတိန်နှင့် ထိုင်ဝမ်တို့၏ တရားဝင်ဆက်ဆံမှုကို ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း တရုတ်က နိုဝင်ဘာ ၇ရက်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လီကျန်းက "တရုတ်နဲ့ သံတမန်ဆက်ဆံရေး ရှိထားတဲ့ နိုင်ငံတွေက ထိုင်ဝမ်နဲ့ တရားဝင် အပြန်အလှန် ဆက်ဆံတာကို တရုတ်က ပြတ်ပြတ်သားသား ငြင်းဆိုပါတယ်" ဟု ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
တရုတ်၏ အချုပ်အခြာအာဏာကို လေးစားရန် ဗြိတိန်အား တောင်းဆိုခဲ့သလို "ထိုင်ဝမ်နဲ့ ဆက်ဆံရေးမှန်သမျှကို ရပ်တန့်ပြီး ထိုင်ဝမ်ရဲ့ လွတ်လပ်ရေး ခွဲထွက်ရေးအင်အားစုတွေကို မှားယွင်းတဲ့ အချက်ပြမှုကို ရပ်လိုက်ပါ" ဟု ပြောကြားခဲ့သည်။
ထိုင်ဝမ်၏ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) ကိုလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူက သတိပေးခဲ့သည်။
"ပြင်ပထောက်ခံမှုတောင်းခံပြီး လွတ်လပ်ရေးရယူဖို့ ကြိုးပမ်းမှုမှန်သမျှက မအောင်မြင်နိုင်ဘူးဆိုတာကို DPP အာဏာပိုင်တွေကို ကျွန်တော် ရှင်းရှင်းလင်းလင်းပြောချင်ပါတယ်" ဟု ၎င်းက ဆိုသည်။
ထိုင်ဝမ်သို့ ၂ ရက်ကြာလာရောက်လည်ပတ်မည့် ဗြိတိန်ဝန်ကြီးသည် ထိုင်ဝမ်သမ္မတ ချိုက်အင်းဝမ်နှင့် တွေ့ဆုံ ပြီး ၂၅ ကြိမ်မြောက် ဗြိတိန်-ထိုင်ဝမ် ကုန်သွယ်ရေးဆွေးနွေးပွဲကို ပူးတွဲကျင်းပမည်ဖြစ်သည်။
ထိုင်ဝမ်သို့ လူကိုယ်တိုင်လာရောက်လည်ပတ်ခြင်းက ဗြိတိန်-ထိုင်ဝမ်ကုန်သွယ်မှု မြှင့်တင်ရန် ဗြိတိန်၏ ကတိ ကဝတ်ကို ထင်ရှားစွာ ဖော်ပြခြင်း ဖြစ်သည်။
ဗြိတိန်ကဲ့သို့ပင် ထိုင်ဝမ်သည် စည်းမျဉ်းအခြေခံသော ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုစနစ်ဖြင့် လွတ်လပ်၍ တရားမျှတသော ကုန်သွယ်မှုပြုလုပ်နေသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း ဗြိတိန်အစိုးရ၏ သတင်းထုတ်ပြန်ချက် တွင် ဖော်ပြ ထားသည်။