နိုဝင်ဘာ ၅
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့သည် နိုဝင်ဘာလ ၃ ရက်နေ့တွင် ရွှေယင်းမာကျေးရွာမှ နေအိမ်ခြောက်လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှသိရ သည်။
စစ်သားအင်အား ၈၀ ခန့်ပါဝင်သည့်စစ်ကြောင်းသည့် မြင်းမူမြို့၏အနောက်ဘက် ၁၀ မိုင် ခန့်အကွာရှိ ရွှေယင်းမာကျေးရွာတွင် နိုဝင်ဘာလ ၃ ရက်နေ့ ညနေ ၅ နာရီခန့်က နေအိမ်များကို စတင်မီးရှို့ ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။
“အိမ်ခြောက်လုံးကတော့ ပြာကျသွားတယ်။ တခြားအိမ်တွေကိုလည်း ထင်သလိုမွှေနှောက်ပြီး ပစ္စည်းတွေ ကိုထုဖျက်ပြီး လိုချင်တာအကုန် ခိုးသွားကြတယ်။ ကျွန်မတို့မှာ စစ်သားတွေလာပြီဆိုရင် ဒူးတွေ၊ ရင်တွေ တုန်ပြီး ကြောက်လန့်နေရတယ်။ ကလေးငယ်လေးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ အဘိုးကြီး အဖွားကြီးတွေ ပါမကျန် အကုန်ထွက်ပြေးနေရတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့်ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။
အိမ်ခြေ ၄၀၀ ခန့်ရှိသည် ရွှေယင်းမာကျေးရွာမှ ဒေသခံများအပါအဝင် နီးစပ်ရာကျေးရွာငါးရွာမှ ပြည်သူ များမှာ စစ်ကောင်စီတပ်ရန်မှ ကြောက်လန့်တကြား ထွက်ပြေးတိမ်ရှောင်နေရကြောင်း သိရသည်။
မြင်းမူမြို့နယ် ရွှေယင်းမာကျေးရွာကို မီးရှို့ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် ဂွေးပင်တောကျေးရွာ တွင်ရောက်ရှိနေပြီး သေနတ်များဖောက်ကာ ဘုန်းတော်ကြီးကျောင်း၌ တပ်စွဲထားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ