နိုဝင်ဘာလ ၄ ရက်
၂၀၂၃ ခုနှစ်၊ “အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း" အစီအစဉ်မှာ ပါဝင်ဖြေဆိုနိုင်ဖို့ ဖြေဆိုခွင့်လျှောက်ထားနိုင်ပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ပညာရေးဝန်ကြီးဌာနမှ ကြေညာထားသည်။
အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းကို (က) ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပထမအကြိမ်နှင့် (ခ) ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် ဒုတိယအကြိမ် ကျင်းပမည်ဖြစ်ပြီး မိမိတို့ဖြေဆိုလိုသော ဘာသာတွဲအလိုက် ပါဝင်ဖြေဆိုခွင့်ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့မှ ဒီဇင်ဘာလ ၂၉ ရက်နေ့အထိ လျှောက်ထားနိုင်ကြောင်း သိရသည်။
အခြေခံပညာ နဝမတန်း (စနစ်ဟောင်း) အထိ (သို့မဟုတ်) အစိုးရနည်းပညာအထက်တန်းကျောင်း (ပထမနှစ်) အထိ တက်ရောက်ဖူးပြီး ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့မှာ အသက် (၁၇) နှစ် ပြည့်ပြီးသူများဖြစ်လျှင် ဖြေဆိုခွင့်ကို လျှောက်ထားနိုင်မည်ဖြစ်သည်။
"အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း" အစီအစဉ်အား Basic Education Completion Assessment (BECA)လို့ အတိုကောက်သုံးနှုန်းခေါ်ဆိုနိုင်ပြီး သိရှိလိုသည်များကို Bluemark အမှတ်အသားပါသည့် Myanmar Basic Education Home (MBEH) Page နှင့် BECA E mail သို့ မေးမြန်းအကူအညီရယူနိုင်သည်။
ပါဝင်ဖြေဆိုခွင့်ကိုလည်း အွန်လိုင်းဖြင့် လျှောက်လွှာပုံစံဖြည့်သွင်းကာ ကိုယ်တိုင်လျှောက်ထားနိုင်ပြီး အခကြေးငွေပေးဆောင်ရန် မလိုအပ်ပေ။ အင်တာနက်ရရှိရန်ခက်ခဲသော ဒေသများတွင်လည်း ပညာရေးဘုတ်အဖွဲ့များမှတစ်ဆင့် လျှောက်ထားနိုင်ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ “အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း" မှာ နိုင်ငံတစ်ဝန်း တစ်ပြိုင်နက် ဖြေဆိုရမည့်စနစ်မဟုတ်ဘဲ ပထမအကြိမ်အား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဧပြီလ အထိ၊ ဒုတိယအကြိမ်အား သြဂုတ်လမှ အောက်တိုဘာလအထိ သတ်မှတ်ပေးထားသည်။ ဘာသာတွဲအလိုက် သင်ယူတတ်မြောက်မှုအခြေအနေပေါ်မူတည်၍လည်းဘာသာရပ် အားလုံးကို တစ်ကြိမ်တည်း (သို့မဟုတ်) နှစ်ကြိမ်ခွဲကာ အချိန်ညှိ ခွဲဝေဖြေဆိုနိုင်မည်ဖြစ်သည်။
စစ်ဆေးအကဲဖြတ်မှုပြုလုပ်နေသည့် အချိန်ကာလတွင် အင်တာနက်ရရှိမှုနှင့် နယ်မြေဒေသအခြေအနေပေါ်မူတည်ပြီး ပုံစံ (၃) မျိုးဖြင့် ဖြေဆိုနိုင်သည်။
(က) အင်တာနက်ရရှိသည့် နေရာဒေသများတွင် အွန်လိုင်း(online) မှ ဖြေဆိုခြင်း
(ခ) အင်တာနက်ခက်ခဲရှိသည့် နေရာဒေသများတွင် အင်တာနက်မလိုသောနည်းပညာ (Offline Accessment Application) အသုံးပြု၍ ဖြေဆိုခြင်း
(ဂ) နယ်မြေစိုးမိုးမှုရရှိပြီး လုံခြုံရေးအာမခံချက်ရှိသော ဒေသများ၌ မြေပြင်တွင်ဖြေဆိုခြင်း တို့ဖြစ်သည်။
ဖြေဆိုမှုပြုလုပ်နေစဉ် ရုတ်တရက် အင်တာနက်ပြတ်တောက်သွားခြင်းနှင့် လုံခြုံရေးအခက်အခဲများဖြစ်ပေါ်လာပါက အရေးပေါ်အခြေအနေများကြောင့် အကဲဖြတ်ဖြေဆိုမှု ရပ်တန့်လိုက်ရသော ဘာသာရပ်များကို နောက်တစ်ကြိမ်ပြန်လည်ဖြေဆိုခွင့်ရမည်ဖြစ်ပြီး အလားတူအခြေအနေမျိုးထပ်ဖြစ်ပေါ်ပါကလည်း နောက်တစ်ကြိမ်ထပ်မံဖြေဆိုခွင့်ရရှိအောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်သင်ယူသွားမည့် အဆင့်မြင့်ပညာ (သို့မဟုတ်) သက်မွေးပညာဆိုင်ရာ ပညာရေးအဖွဲ့အစည်းများ၏ သတ်မှတ်ချက်များပေါ် မူတည်ပြီး ဝင်ခွင့်ပြည့်မီအောင် ပြန်လည်ဖြေဆိုရန်လိုအပ်သော ဘာသာရပ်များကို ထပ်မံကြိုးစားဖြေဆိုခွင့်ပေးမည်ဖြစ်သဖြင့် ၂၀၂၃ ခုနှစ်၊ “အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း”၌ ပါဝင်ဖြေဆိုမည့်သူများအနေဖြင့် ဒသမတန်း စနစ်ဟောင်းသင်ခန်းစာများကို လေ့လာထားကြရန်သာ လိုအပ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)