NLD ကိုယ်စားလှယ်လောင်းနှင့် မိသားစုဝင်တို့၏ မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းစာရင်း ပါတီသို့ အသိပေးရမည်ဟု ဒေါ်စုဆို

NLD ကိုယ်စားလှယ်လောင်းနှင့် မိသားစုဝင်တို့၏ မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းစာရင်း ပါတီသို့ အသိပေးရမည်ဟု ဒေါ်စုဆို
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပထမအကြိမ် ဗဟိုကော်မတီ ပဥ္စမအကြိမ် အစည်းအဝေးကို ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပပြုလုပ်နေစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)

ရန်ကုန် (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ) မှ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်
လောင်းများက ၎င်းနှင့် ၎င်းတို့၏ ဇနီး/ခင်ပွန်းအပြင် ၁၈ နှစ်အောက် သားသမီးများ အမည်ဖြင့် ထားရှိသည့် မရွေ့ပြောင်းနိုင်သော ပစ္စည်းများစာရင်းကို ပါတီသို့ အသိပေးရမည်ဟု ဇွန်လ ၂၀ ရက်တွင် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က
ပြောကြားလိုက်သည်။

‘အားလုံးက မိမိ၊ မိမိတို့ဇနီး ခင်ပွန်း၊ ၁၈ နှစ်အောက်အောက် သားသမီးများနာမည်နဲ့ ထားရှိတဲ့ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းများ စာရင်းတွေကို ပေးရမှာပါ။ ဘဏ်အကောင့်ရှိရင်လည်း နံပါတ်တွေ ကိုပေးရမယ်။ စီးပွားရေး လုပ်ငန်းတွေနဲ့ ပက်သက်လို့ရှိရင်လည်း ဒါတွေကို တင်ပြရမယ်။ ဒီလို လုပ်တာက နိုင်ငံတာဝန်ထမ်း သူတွေက အဂတိတရား လုံးဝကင်းဖို့လိုပါတယ်" ဟု ၎င်းက ဆိုသည်။

ကိုယ်စားလှယ်လောင်း အရည်အချင်းများအပြင် ပိုင်ဆိုင်မှုပစ္စည်းများ အသိပေးခြင်းကိုလည်း ဇွန်လ ၂၀ ရက်မှ ၂၁ ရက်ထိ ပြုလုပ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပထမအကြိမ် ဗဟိုကော်မတီ ငါးကြိမ်မြောက် အစည်းအဝေး ပထမနေ့တွင် ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ခြင်းဖြစ်သည်။

ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲ ဝင်ရောက်မယှဉ်ပြိုင်မှီ တင်ပြထားသည့်အပြင် ကိုယ်စားလှယ်အဖြစ်
ရွေးချယ်ခံရပြီးပါက မိမိ၊ ဇနီး/ခင်ပွန်း၊ သားသမီး၊ ၎င်းတို့နှင့် ဆက်စပ်သည့် တစ်ခြားနီးစပ်သူများ၏ တိုးပွားလာသည့် ရွှေ့ပြောင်း၊ မရွေ့ပြောင်းနိုင်သည့်  ပိုင်ဆိုင်မှုများရှိပါက အဖွဲ့ချုပ်၏ မေးမြန်းစုံစမ်းမှုများကို မှန်မှန် ကန်ကန် ပူးပေါင်း ဆောင်ရွက်မည့် ဝန်ခံကတိကိုလည်း ရေးထိုးရမည်ဖြစ်သည်။

"ကိုယ်စားလှယ်လောင်းဖြစ်ပြီးတော့ မိမိအကျိုး၊ အသိုင်းအဝိုင်းအကျိုး လုပ်ဖို့မဟုတ်ပဲ နိုင်ငံအကျိုးလုပ်ဖို့ ဆိုတာ နားလည်စေချင်လို့ ဖြစ်တယ်။ ကျွန်မတို့ ကိုယ်စားလှယ်လောင်းတွေ ပြည်သူ့ရှေ့မှာပွင့်ပွင့်လင်းလင်းနဲ့ ပိုင်ဆိုင်မှု ဘာလဲဆိုတာကို မပြောနိုင်ရင်  ဘယ်လိုပြည်သူက အားကိုးနိုင်မှာလဲ။ ပြည်သူတွေ အားကိုးနိုင်တဲ့ ကိုယ်စားလှယ်တွေ ရွေးချယ်မှာဖြစ်တယ်" လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုခဲ့သည်။

ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို အတိအကျ ထုတ်ပြန်ခြင်း မရှိသေးသည့် အတွက် NLD ကရွေးကောက်ပွဲ ဝင်မဝင်ကို မဆုံးဖြတ်ရသေးပဲ ရွေးကောက်ပွဲ ဝင်မည့် ကိုယ်စားလှယ်လောင်း များကိုလည်း သက်မှတ်မရွေး ချယ်ရသေးကာ ရွေးကောက်ပွဲ ရက်အတိအကျ သိရှိမှသာ ရွေးချယ်သွားမည်ဟုလည်း ထည့်သွင်းပြောဆို ခဲ့သည်။

ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင်လည်း ပါတီအောင်နိုင်ရေးနှင့် ကိုယ်စားလှယ်လောင်း အောင်နိုင်ရေးထက်
ပြည်သူနှင့် ဒီမိုကရေစီ အောင်နိုင်ရေးအတွက်အဓိကထား ဆောင်ရွက်မည်ဟုဆိုသည်။

 ကိုယ်စား လှယ် လောင်း များကို ပါတီဝင်များ၊ ဗဟိုကော်မတီဝင်များ သာမက ပါတီပြင်ပမှ ဝင်ရောက်မည့် သူများကိုလည်း ဖိတ်ခေါ်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

"အဖွဲ့ချုပ်ပြင်ပမှာတောင် တော်တဲ့သူတွေ ရှိတယ်ဆိုရင် NLD ကိုယ်စားလှယ်လောင်းအဖြစ် အရွေးခံဖို့ ဖိတ်ခေါ်မှာ
ဖြစ်ပါတယ်။ လက်ခံတာ မခံတာတော့ သူတို့အပိုင်းက ကြည့်မှာပေါ့" ဟု ၎င်းက ဆိုသည်။

ဇွန်လ ၂၀ ရက်မှ ၂၁ ရက်ထိ ပြုလုပ်နေသည့် NLD ပထမအကြိမ် ဗဟိုကော်မတီဝင် ငါးကြိမ်မြောက် အစည်းအဝေး ပထမနေ့သို့ တက်ရောက်ခွင့်ရှိသည့် ဗဟိုအလုပ်မှုဆောင်နှင့် ဗဟိုကော်မတီဝင် ၁၂၀ ဦးမှ ၁၁၂ ဦးထိ တက်ရောက်နေသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုုပ်က ၂၀၁၂ ခုနှစ် ဧပြီလတွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲ၏ ၄၃နေရာတွင် ၄၁ နေရာထိ အနိုင်ရရှိထားသည့် အတိုက်အခံ ပါတီတစ်ခုလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags