ဒေါ့တ်မွန်၊ ဇွန် ၁၉။ ။ ၂၀၁၄-၁၅ ရာသီတွင် ဒေါ့တ်မွန်အသင်းသည် ပြိုင်ပွဲပေါင်းစုံတွင် ကျဆုံးခဲ့ရသော်လည်း အသင်းပရိသတ်များမှာ စိတ်ပျက်ခြင်း မရှိကြပဲ ရာသီသစ်အတွက် တစ်ရာသီစာလက်မှတ်များကို ပြန်လည်ဝယ်ယူပြီးကြပြီ ဖြစ်သည်။ ယခုအချိန်တွင် ဒေါ့တ်မွန်အသင်း၏ တစ်ရာသီစာလက်မှတ် ၉၉ ဒသမ ၈ ရာခိုင်နှုန်းအထိ ရောင်းကုန်သွားပြီ ဖြစ်သည်။
ဒေါ့တ်မွန်အသင်း၏ကွင်း Signal Iduna Park သည် ပရိသတ် ၈၀,၆၆၇ ဦးဝင်ဆံ့ပြီး ဂျာမနီတွင် အကြီးဆုံးဘောလုံးကွင်း ဖြစ်သည်။ လက်မှတ်စောင်ရေ ၈၀,၆၆၇ မှ တစ်ရာသီစာလက်မှတ်ပေါင်း ၅၅,၀၀၀ ကို ရောင်းချခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ရာသီက တစ်ရာသီစာလက်မှတ် ဝယ်ယူထားသူများက ပြန်လည်ဝယ်ယူခဲ့ကြခြင်း ဖြစ်ပြီး ထိုထဲမှ ၉၃ ဦးသာ လက်မှတ် မဝယ်ယူသေးခြင်း ဖြစ်သည်။
'ပြီးခဲ့တဲ့ ရာသီက ဒေါ့တ်မွန်အသင်းရဲ့ အိမ်ကွင်းပွဲစဉ်တိုင်းမှာ ပျမ်းမျှ ပရိသတ်ဦးရေ ၈၀,၄၂၄ ဦးလာရောက် ကြည့်ရှုခဲ့ကြပါတယ်။ ဥရောပမှာ ထိပ်ဆုံးက ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းက (၇၇,၆၃၂)ဦး၊ မန်ယူက(၇၅,၃၃၅)ဦး၊ ရီးယဲလ်က(၇၃,၀၈၁)ဦး၊ ဘိုင်ယန်မြူးနစ်အသင်းက(၇၂,၈၈၂)ဦး ပျမ်းမျှလာရောက် ကြည့်ရှုခဲ့ကြပါတယ်။
လာမယ့်ရာသီသစ်အတွက် တစ်ရာသီစာလက်မှတ်ပေါင်း ၅၅,၀၀၀ ရောင်းချခဲ့ရာမှာ ၉၃ ဦးစာပဲ ကျန်ရှိပါတော့တယ်။ လာမယ့်ရာသီမှာ ဒေါ့တ်မွန်အသင်းရဲ့ မိသားစုဝင်ဖြစ်လာဖို့ လက်မှတ် ၉၃ ဦးစာက စောင့်ကြိုနေပါတယ်' ဟု ဒေါ့တ်မွန်အသင်းက ဝက်ဘ်ဆိုက်မှ ကြေညာခဲ့သည်။
ဒေါ့တ်မွန်အသင်းသည် ပြီးခဲ့သည့်ရာသီက ဘွန်ဒက်စ်လီဂါတွင် အဆင့် ၇ သာရရှိခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးခဲ့ရသလို ဂျာမန်ပိုကယ်ဖလားဗိုလ်လုပွဲတွင်လည်း ဝုဖ်ဘတ်အသင်းကို ၃-၁ ဂိုးဖြင့် ရှုံးကာ ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသည်။
ရည်ညွှန်း ပန်ဒစ်အရီနာ