အောက်တိုဘာ ၁၂
မဇ္စျိမ။ ။နေပြည်တော်အချုပ်ထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အချုပ်ထောင်အတွင်းရှိ အထူးတရားရုံးက ယနေ့ အောက်တိုဘာလ ၁၂ ရက် နေ့တွင် ထောင်ဒဏ်သုံးနှစ် ထပ်မံချမှတ်လိုက်ကြောင်း တရားရုံးနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရ သည်။
စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ထံမှ အမေရိကန်ဒေါ်လာ ၅၅၀,၀၀၀ ကို တံစိုးလက်ဆောင်အဖြစ် ရယူခဲ့သည်ဟုဆိုကာ အဂတိလိုက်စားမှုဖြင့်စွပ်စွဲထားသည့် အမှုနှစ်မှုအတွက် တစ်မှုလျှင် ထောင်ဒဏ်သုံး နှစ်စီဖြင့် စုစုပေါင်း ထောင်ဒဏ်ခြောက်နှစ်ချမှတ်ခဲ့ပြီး ပြစ်ဒဏ်များကို တပေါင်းတည်းကျခံရန် အမိန့်ချ ခဲ့သည်။
ထို့ကြောင့် အမှုနှစ်မှုအတွက် ထောင်ဒဏ် သုံးနှစ် ကျခံရမည် ဖြစ်သည်။
ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့ကရုံးချိန်းတွင် ဦးမောင်ဝိတ်က အဆိုပါငွေများကို ဒေါ်ခင်ကြည်ဖောင်ဒေး ရှင်းသို့လှူဒါန်းခဲ့ခြင်းသာဖြစ်ကြောင်း တရားရုံးတွင်ထွက်ဆိုခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဘက်သို့ လှည့်ကာထိုင်ကန်တော့ခဲ့သည်။
အမှုနှင့်ပတ်သတ်ပြီး သက်ဆိုင်ခြင်းမရှိကြောင်း စွပ်စွဲခံရသူဒေါ်အောင်ဆန်းစုကြည်ကလည်း စက်တင် ဘာလ ၂၀ရက်နေ့က ကိုယ်တိုင်ထွက်ဆိုခဲ့သည်။
ယခု အမိန့်ချမှတ်သည့် အမှုနှစ်မှုကို အယူခံဆက်တက်မည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူများကပြော သည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ညွှန်မှူး ဦးရဲထက်က တရားလိုပြုလုပ်ပြီး စွပ်စွဲထားသည့် ယင်းအမှုနှစ်မှုကိုချေဖျက်ပေးရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့လျှောက်ထားချက်မှာ သြဂုတ်လ အတွင်းက ပယ်ချခံခဲ့ရသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိတွင် အမှုပေါင်း ၁၄ မှုအတွက် ထောင်ဒဏ် ၂၆ နှစ်အထိရှိလာပြီဖြစ်ကာ သမ္မတဦးဝင်းမြင့်နှင့်အတူ စွဲဆိုခံထားရသည့် ရဟတ်ယာဉ် အဂတိအမှု ငါးမှုကို ဆက်လက်ရင်ဆိုင်ရန် ကျန်ရှိနေသေးသည်။
စာတည်း။ ။ စောဖေ
စာမူတည်းဖြတ်။ ။ စောဖေ
#နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်