ပေကျင်း၊ ဇွန် ၁၀ ။ ။ နည်းပညာကုမ္ပဏီကြီး ဂူးဂဲလိ၏ ခြေရာကို လိုက်နင်းသည့်အနေဖြင့် တရုတ် ရှာပုံတော် အင်ဂျင်ဘီလူးကြီး ပိုင်တု(Baidu)က မောင်းသူမဲ့ကားကို တီထွင်ရန် စီစဉ်နေသည်ဟု ပြည်တွင်း မီဒီယာသတင်းများအရ သိရသည်။
အီးရောင်းဝယ်ရေးကုမ္ပဏီ Alibaba နှင့် မက်ဆေ့ချ် ဆော့ဖ်ဝဲ ထုတ်လုပ်သည့် Tencent အပါအဝင် တရုတ်နည်းပညာ ကုမ္ပဏီ များက ကားများ ထုတ်လုပ်ရန် စီမံကိန်းများကို အသီးသီး ကြေညာလိုက်သောကြောင့် ကမ္ဘာ့အကြီးဆုံး ကားဈေးကွက်အတွင်းရှိ သမားရိုးကျ ကားထုတ်လုပ်သူ များမှာ လန့်ဖျပ်နိုးကြားကုန်ကြသည်ဟု ဆိုသည်။
ပိုင်တုက ယခုနှစ်ကုန်လောက်တွင် မောင်းသူမဲ့ကားကို မိတ်ဆက်နိုင်ရန် အမည်မသိ ကားကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းလုပ်ကိုင်နေ သည်ဟု ပိုင်တု၏ ဒု-ဥက္ကဋ္ဌ ဝမ်ကျင်းက တနင်္ဂနွေနေ့က ကွန်ဖရင့်တစ်ခုတွင် ပြောကြားခဲ့ကြောင်း ပေကျင်းအခြေစိုက် Economic Observer က ကိုးကား ဖော်ပြခဲ့သည်။ ယခင်ကလည်း ပိုင်တုမှာ တစ်ပိုင်းလူမဲ့ကား (semi-autonomous)များကို ဂျာမန်ကား ကုမ္ပဏီ BMWနှင့် ပူးပေါင်းထုတ်ခဲ့ဖူးသည့် အတွေ့အကြုံရှိထားပြီး ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုမှ ရှာပုံတော် ဘီလူး ကြီး ဂူးဂဲလ်မှာ မောင်းသူမဲ့ကား တစ်စင်းကို တီထွင်လျှက်ရှိပြီး ယခုနှစ်တွင် ကယ်လီဖိုးနီးယား ရုံးချုပ်တစ်ဝိုက်မှ အများပြည်သူသုံး လမ်းမများပေါ်တွင် စမ်းသပ်မောင်းနှင်ရန် စီစဉ်ထားသည်ဟု ဆိုသည်။
အလီဘာဘာကလည်း အီးအရောင်းအဝယ်၊ ဒစ်ဂျစ်တယ်ဖြေဖျော်မှု၊ မြေပုံနှင့် ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပါဝင်သည့် ပိုမိုကောင်းမွန်သော ကားမောင်း အတွေ့အကြုံကို ဖန်တီးထောက်ပံ့ ပေးနိုင်မည့် နည်းပညာကို အသုံးပြုထားသော အင်တာနက် ကားတစ်စင်းကို တီထွင်ထုတ်လုပ်ရန် စီစဉ်နေသည်။
အလားတူစွာပင် Tencent ကလည်း အင်တာနက် ချိတ်ဆက် ကားတစ်စင်းကို တီထွင်နေပြီး၊ တရုတ် ဗွီဒီယို ပလက်ဖောင်း တစ်ခုဖြစ်သည့် Letv ကလည်း လျှပ်စစ်ယာဉ်တစ်မျိုးကို ထုတ်လုပ်ရန် စီစဉ်နေသည်။
သို့ရာတွင် တရုတ် နည်းပညာကုမ္ပဏီများ၏ မောင်းသူမဲ့ကား ပုံသဏ္ဍာန် အသေးစိတ်မှာ ဝေဝါးလွန်းနေပြီး စီးပွားဖြစ်ထုတ်လုပ်ရန် မဖြစ်နိုင်သေးကြောင်း ဝေဖန်သုံးသပ်သူများက ပြောကြားကြသည်။