ထန်းတပင်မြို့နယ်ရှိ တစ်ရွာလုံး မဲစာရင်းတွင် မွေးလ၊ မွေးရက် တူနေခြင်းသည် အိမ်ထောင်စု စာရင်းပါ အချက်အလက်များကြောင့်ဖြစ် ဟုဆို

ထန်းတပင်မြို့နယ်ရှိ တစ်ရွာလုံး မဲစာရင်းတွင် မွေးလ၊ မွေးရက် တူနေခြင်းသည် အိမ်ထောင်စု စာရင်းပါ အချက်အလက်များကြောင့်ဖြစ် ဟုဆို

ရန်ကုန်၊ ဇွန် ၂ ။       ။ ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်အတွင်းရှိ ရွာတစ်ရွာတွင် ထုတ်ပြန်ထားသော မဲစာရင်းအရ တစ်ရွာလုံးရှိ လူဦးရေ အားလုံးသည် မွေးသက္ကရာဇ်သာ ကွာခြားပြီး မွေးလနှင့် မွေးရက်များ တူညီနေ ခြင်းသည် အိမ်ထောင်စု လူဦးရေ စာရင်းပါ အချက်အလက်များကြောင့် ဖြစ်သည်ဟု ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက မဇ္ဈိမကို ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ဓာတ်တော်ကုန်းကျေးရွာအုပ်စု ၊ ဓာတ်တော်ကုန်း (အထက်) ကျေးရွာ၏ ရွေးကောက်ပွဲအတွက် မဲပေးနိုင်မည့် မဲဆန္ဒရှင် စာရင်းများ ကိုကြေညာ ထားရာ ခုနစ်သာ ကွာခြားပြီး မွေးရက်နှင့် မွေးလမှာ ဇွန်လ ၃၀ ရက်ဟု အားလုံးအတူတူ ဖြစ်နေခြင်း ဖြစ် သည်။  

ယင်းနှင့်ပတ်သက်ပြီး ဦးကိုကိုက “ အဲဒါက တကယ်ဖြစ်သွားတာပါ။ ဘယ်လိုဖြစ်တာလဲ ဆိုတော့ ပုံစံ ၆၆/၆ အရ မွေးသက္ကရာဇ်မှာ ခုနစ်တွေပဲ ရှိတယ်။ ရက်တွေ လတွေ မပါဘူး။ လဝကနဲ့ ကာယကံရှင် မိသားစုတွေကြားက ကိစ္စတွေပါ။ ခုနစ်တွေကို တွက်တော့လည်း အသက် ၁၈ နှစ်ကျော် ပါတယ်။ ရက်တွေလတွေ မပါတော့ အလယ်လ အလယ်ရက်တွေကို သူတို့ဘာသာသူတို့ ဖြည့်လိုက် တာပါ” ဟု ပြောသည်။

ယင်းကဲ့သို့ မဲစာရင်းတွင် ရက်နှင့်လ တူညီနေမှုများသည် မဲထည့်ရန် ထိခိုက်မှု တစ်စုံတစ်ရာ မရှိဘဲ အခြားမြို့နယ်များတွင်လည်း ယင်းကဲ့သို့သော ဖြစ်ရပ်များ ရှိနေနိုင်သည်ဟု ၎င်းက ဆိုသည်။

အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာများတွင် ဝေဖန်မှုများ ဖြစ်ပေါ် နေသည်။ ကော်မရှင်က မဲစာရင်းစာရွက်တွင် မွေးသက္ကရာဇ်သာ ထည့်သွင်း၍ မွေးလနှင့် မွေးရက် တွင် ကွက်လပ်ထားရန် ညွှန်ကြားထားပြီး မွေးလ၊ မွေးရက် မဲစာရင်းတွင်ပါခြင်း၊ မပါခြင်းသည် မည့်သည့် သက်ရောက်မှု တစ်စုံတစ်ရာမှ မရှိဟုလည်း ဦးကိုကိုက ထပ်မံပြောကြားသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာန မင်္ဂလာဒုံမြို့နယ်ဦးစီးမှူး ဦးသန်းဦးက “အိမ်ထောင်စုစာရင်း စတင်ထုတ်ပေးချိန်မှာ ကာယကံရှင်တွေက မွေးသက္ကရာဇ် သေချာ မသိဘဲ အလွယ်ပြောလို့ ပြောတဲ့အတိုင်း ဖြည့်ပေးလိုက်ရတာ ရှိသလို မသိလို့ မွေးသက္ကရာဇ်နဲ့ပဲ ဖြည့်ပေး လိုက်ရတာတွေ ရှိပါတယ်” ဟု ၎င်း၏ အတွေ့အကြုံကို ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲကို ၂၀၁၅ အောက်တိုဘာလ နောက်ဆုံးပတ် သို့မဟုတ် နိုဝင်ဘာလ ပထမပတ်အတွင်း ကျင်းပပေးမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာထား သည်။

လက်ရှိတွင် အခြေခံ မဲဆန္ဒရှင်စာရင်း ကြေညာထားသော မြို့နယ်များမှ ပထမအကြိမ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးတွင် ၁၀ မြို့နယ် ကြေညာထားကာ ဒုတိယအကြိမ်အဖြစ် မေ ၂၅ ရက် မှ စတင်၍ ရန်ကုန်တိုင်းဒေသကြီး ၁၄ မြို့နယ်နှင့် နေပြည်တော် ကောင်စီနယ်မြေ ရှစ်မြို့နယ်တို့တွင် ကြေညာ ထားပြီး နှစ်ပတ်တိတိ စာရင်းကပ်ထားပေးမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly