ဩဂုတ်လ ၃၀ ရက်
မန္တလေးမြို့၊ မြောက်ပြင်ရှိ မင်းတဲအီကင်းရပ်ကွက်ရုံး၌ ယမန်နေ့ ညပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မန္တလေးမြို့ခံများထံကသိရသည်။
ယမန်နေ့သြဂုတ်လ ၂၉ရက်နေ့ ည၁၁နာရီ ဝန်းကျင်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆ်ိုပါပေါက်ကွဲမှုကို မည်သည့်အဖွဲ့ကလုပ်ဆောင်မှန်း မသိရသေးပေ။
"ဗုံးပေါက်ပြီးတော့ သေနတ်သံထွက်လာသေးတယ်၊ သိပ်မကြာဘူးနောက်ထပ်ပေါက်သံကြားတော့ ရပ်ကွက်ရုံးဘက်က သေနတ်သံငြိမ်သွားတယ်"ဟု ပြည်သူတစ်ဦးက ပြောသည်။
အဆိုပါ ရပ်ကွက်ရုံးကို သြဂုတ်လ ပထမအပတ်က ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ စစ်အာဏာသိမ်းပြီးနောက် ရပ်ကွက်နေပြည်သူများက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အလိုမရှိကြောင်း ဆန္ဒပြခဲ့သောကြောင့် အုပ်ချုပ်ရေးမှူးဟောင်းမှာ ဖေဖော်ဝါရီလတွင် နုတ်ထွက်သွားခဲ့သည်။
ထို့နောက် အုပ်ချုပ်ရေးမှူးဦးနိုင်လင်းဆိုသူ တက်ရောက်ရုံးထိုင်ခဲ့ပြီးနောက် ၂၀၂၁မတ်လအတွင်း သုံးကြိမ်တိုင် မီးရှို့ခံခဲ့ရသည်။ ၂၀၂၁ ဇူလိုင်လ၂၇ ရက်နေ့တွင် ဦးနိူင်လင်းကို ထောက်ခံစာလုပ်လိုသည်ဟုဆိုကာ သေနတ်ဖြင့် ပစ်သတ်ခဲ့သောကြောင့် သေဆုံးသွားခဲ့သည်။
ဦးနိုင်လင်းသေဆုံးပြီးနောက်၂၀၂၁စက်တက်ဘာလ ၃၀ရက်နေ့တွင် အောင်မြေသာစံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သန်းဇော်၊ မင်းတဲအီကင်းရပ်ကွက် ခေတ္တအုပ်ချုပ်ရေးမှူး ဦးမြတ်သောင်း နှင့် ရပ်ကျေးအဖွဲ့ဝင်များက ပန္နက်တင်အခမ်းအနား ပြုလုပ်ခဲ့ပြီး အုပ်ချုပ်ရေးမှူးရုံးကို အသစ်ပြန်လည်တည်ဆောက်ထားခြင်း ဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)