ဩဂုတ် ၃၀
မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ဇီးဖြူကုန်း ပျူစောထီးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ မှိုရှာထွက်ရန်ထွက်လာသည့် စစ်သားလေးဦးကို ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ရင်း (၁)က ယမန်နေ့ သြဂုတ်လ ၂၉ ရက် နံနက် ၇ နာရီခန့်တွင် ကင်းပုန်းဝပ်၍ ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး တစ်ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ရင်း(၁)၏ တာဝန်ရှိသူထံက သိရသည် ။
" ကျွန်တော်တို့က ၃ ရက် ကြာအောင် ကင်းပုန်း ဝပ်ပြီး စောင့်နေခဲ့ရတာ။ မနေ့က မနက်ပိုင်းမှာ မှိုရှာ ထွက်လာတဲ့ စစ်သား လေး ဦးကို ပစ်ခတ်ခဲ့တာ တစ်ဦးက တော့ နေရာမှာတင် သေဆုံးသွားတယ်။ အလောင်းတောင် ကောက်မသွားနိုင်ခဲ့ဘူး။ တစ် ယောက်ကတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားတယ်။ မနက် ၈ နာရီ ကျော်လောက်မှာ အင်အားသုံးပြီး အလောင်းလာကောက်သွားတယ်။ ၁၀ နာရီလောက်မှာ မီးသင်္ဂြိုဟ်ခဲ့တယ်လို့ သိထားတယ်" ဟု Royal Eagle PDF မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။
စစ်ကောင်စီတပ်သည် ထိုသို့တိုက်ခိုက်ခံရပြီးနောက် ဇီးဖြူကုန်း ပျူရွာ အနီးတွင် ထပ်မံ၍ ကင်းလှည့်နေစဉ် ဒုတိယအကြိမ်မြောက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ယင်းထိတွေ့မှူ တွင် စစ်ကောင်စီ တပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ဒေသခံပြည်သူ ကာကွယ်ရေးတပ်ဖွဲ့ ဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စာတည်း။ ။မောင်ကောင်း
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး