ဩဂုတ် ၂၉
မဇ္ဈိမ။ ။ ကချင်အထူးဒေသ(၁) မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်မျဉ်းအနီးရှိ ဖီမော်မြို့အဝင်မှ တရုတ်လူမျိုး စက်သုံးဆီသူဌေးတစ်ဦး ယမန်နေ့ညက အသတ်ခံလိုက်ရကြောင်း ဒေသခံများထံကနေ ကနဦး စုံစမ်းသိရှိရသည်။
အသတ်ခံရသူ တရုတ်လူမျိုး စက်သုံးဆီသူဌေးကြီးက ဖီမော်မြို့အဝင် (ကချင်ပြည်နယ်ဘက်) မုခ်ဝအနီးတွင် ဆီဆိုင်ဖွင့်ကာ ရောင်းချနေသူတစ်ဦး ဖြစ်သည်။
`` ဖီမော်မှာ ဒါမျိုးဖြစ်တာ တစ်ခါမှမကြားဖူးပါဘူး၊ အခုဟာက အတော့်ကို ကြောက်စရာကောင်းတဲ့ လုပ်ရပ်ပဲ" ဟု ဒေသခံတစ်ဦးက ဆိုသည်။
အသတ်ခံရသူသည် တရုတ်နိုင်ငံသားတစ်ဦးဖြစ်ပြီး၊ မြန်မာနိုင်ငံ (ကချင်ပြည်နယ်ဘက်)ဘက်တွင် စက်သုံးဆီဖြန့်ဖြူးရောင်းချနေသူတစ်ဦးဟု ဒေသခံများကဆိုကြသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
တရုတ်လူမျိုး စက်သုံးဆီသူဌေးကြီးအသတ်ခံရသည့်အပြင် ၎င်း၏မိန်းမဖြစ်သူကိုပါ နေအိမ်အတွင်း ကြိုးတုပ်ကာ ချုပ်နှောင်ထားခဲ့ပြီး မီးခံသေတ္တာကို လူသတ်သမားများက ယူဆောင်သွားကြောင်း သိရသည်။
လက်ရှိအချိန်မှာ အဆိုပါလူသတ်ခံရမှုကို အမှတ်(၁၀၀၂) နယ်ခြားစောင့်တပ်မှ စုံစမ်းစစ်ဆေးနေဆဲဖြစ်သည့်အတွက် အကြောင်းစုံဆက်လက်ဖော်ပြသွားမည်။
စာတည်း - သန့်ဇော်(သန်လျင်)