ဩဂုတ် ၂၄
(မဇ္ဇျိမ) ။ ။ တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင် စစ်ကောင်စီသတင်းပေး (ဒလန်) ဟု သတင်းထွက်နေသူ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ ယနေ့ ဩဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်သည်။
အဆိုပါ စစ်ကောင်စီသတင်းပေးဟု စွပ်စွဲခံရသူသည် မြိတ်မြို့၊ ကန်ကြီးရပ်ကွက်နေ ရာအိမ်မှူး ဦးသန်းဦး ဆိုသူ ဖြစ်ပြီး ယမန်နေ့ ဩဂုတ်လ ၂၃ ရက်နေ့ ညနေ ၃ နာရီ အချိန်တွင် ပစ်သတ်ခံရခြင်းဖြစ်သည်။
ကလွင်ကျေးရွာအုပ်စု၊ ကမ်းသာယာရွာရှိ MFD ကုမ္ပဏီဝင်းအတွင်း သုံးဘီးဆိုင်ကယ်ဖြင့် ရောက်ရှိလာစဉ် ၎င်းကို မြိတ်ပြည်သူ့ ကာကွယ်ရေး အဖွဲ့ (ပကဖ) နှင့် မြိတ်ခရိုင် တပ်ရင်း (၂) တို့ ပူးပေါင်း၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့များထံမှ သိရသည်။
စစ်ကောင်စီသတင်းပေး ရာအိမ်မှူး ဦးသန်းဦးကို PDF ပူးပေါင်းတပ်မှ ရှင်းလင်းခဲ့ခြင်းဖြစ်၍ ပြည်သူ များနှင့် လုံး၀သက်ဆိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
သို့သော် သေဆုံးသူနှင့်ပတ်သက်သည့် အချက်အလက်များကိုမသိရှိရသေးသကဲ့သို့ ၎င်းသည် စစ်ကောင်စီ သတင်းပေး ဟုတ်၊ မဟုတ်ကို မဇ္ဈိမအနေဖြင့်အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ယခုရက်ပိုင်းအတွင်း မြိတ်မြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ရာအိမ်မှူး အမျိုးသားနှစ်ဦး ရှင်းလင်း ခံထားရကြောင်းလည်း မြိတ်မြို့ခံ ပြည်သူများထံမှ သိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ် ။ ။ စောဖေ