ဩဂုတ် ၂၄
ယူကရိန်းအပေါ် ကျူးကျော်မှုအတွက် အစိုးရကို ဝေဖန်ပြောဆိုခဲ့သည့် ရုရှနိုင်ငံရေးသမား ယက်ဗ်ဂန်နီ ရွိုက်ဇ်မန်ကို ရုရှအာဏာပိုင်တို့က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း TASS သတင်းအေဂျင်စီက ဩဂုတ် ၂၄ ရက် ဖော်ပြသည်။
ယက်ကာတာရင်ဘာ့ဂ်မြို့၏ မြို့တော်ဝန်ဟောင်းတစ်ဦးဖြစ်သည့် ရွိုက်ဇ်မန်ကို အာဏာပိုင်တို့က ထိန်းသိမ်းထားပြီး “ရုရှစစ်တပ်ကို ဂုဏ်သိက္ခာထိခိုက်စေမှု” ဖြင့် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ယက်ကာတာရင်ဘာ့ဂ် လုံခြုံရေးဌာနမှ တာဝန်ရှိသူများကို ကိုးကားပြီး TASS က ဖော်ပြသည်။
ရွိုက်ဇ်မန်သည် ၂၀၁၂ ခုနှစ်က ကြီးမားသော အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများနောက်ပိုင်း မြို့တော်ဝန်ရာထူးကို ရရှိခဲ့သည့် အစိုးရဝေဖန်ရေးသမား အနည်းအကျဉ်းအနက် တစ်ဦးလည်း ဖြစ်သည်။
ရုရှအစိုးရသည် ယူကရိန်း၌ လုပ်ဆောင်နေသော စစ်ရေးလုပ်ဆောင်ချက်များကို “အထူးစစ်ဖက် စစ်ဆင်ရေး” တစ်ခုအဖြစ် ပြောကြားပြီး ယင်းသည် ရုရှနိုင်ငံလုံခြုံရေးအတွက် ရည်ရွယ်ကြောင်း ပြောဆိုထားသည်။
ထို့ပြင် ယင်းကို စစ်ပွဲဟု ခေါ်ဆိုသည့် သို့မဟုတ် ရုရှ၏ လုပ်ရပ်ကို ဝေဖန်သည့် တက်ကြွလှုပ်ရှားသူများကိုလည်း ရုရှအာဏာပိုင်တို့က တရားစွဲဆိုထားခဲ့သည်။
ယူကရိန်းတပ်ဖွဲ့များသည် ရုရှတပ်ဖွဲ့များကို အပြင်းအထန် ခုခံတိုက်ခိုက်ထားခဲ့သလို ရုရှတပ်များ နောက်ပြန်ဆုတ်စေရေးအတွက် အနောက်အုပ်စုကလည်း ရုရှအပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ထားသည်။
(ကိုလူအေး ဘာသာပြန်သည်)