ဩဂုတ်လ ၂၃ ရက်
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ ကြောင်လည်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ဦးဇင်းအရှင်သူရိယကို ဩဂုတ်လ ၂၁ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ဩဂုတ်လ၂၀ ရက်တွင် ပင်းခါးလမ်းဆုံကျေးရွာမှ အုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းစိုး၊ ကျောင်းဆရာ ဦးအောင်ပန်း နှင့် ကိုလင်းဇော်တို့ကိုလည်း PDFများက ဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။
“အခုထိပြန်လွတ်လာတာ မရှိသေးပါဘူး။ ကြောင်လည်ရွာရဲ့ စာသင်ကျောင်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်ဗျ” ဟု သျှမ်းနီလူငယ်ကွန်ယက်ဥက္ကဋ္ဌ စိုင်းထွန်းအောင်က မဇ္ဈိမသတင်းဌာနသို့ ပြောသည်။
ဖမ်းဆီးသွားသူများမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့များဖြစ်ကြောင်းသာ အတည်ပြုနိုင်ခြင်းရှိပြီး မည်သည့် PDF အဖွဲ့ဖြစ်သည်ဟု အတိအကျပြောကြားနိုင်ခြင်း မရှိပေ။
“ပူးပေါင်းတပ်လို့ သိရပါတယ်။ ဒေသခံတွေရဲ့ပြောပြချက်အရ ကတူး၊ကနန်း စကားပြောတဲ့ တပ်သားတွေ ပါတယ်။ ဗန်းမောက် PDF လည်းပါနိုင်ပါတယ်” ဟု စိုင်းထွန်းအောင်က ပြောပြသည်။
ဦးဇင်းအရှင်သူရိယသည် ဗန်းမောက်မြို့နယ်အတွင်း၌ သျှမ်းနီစာပေ၊ သျှမ်းနီဘာသာစကားနှင့် ဗုဒ္ဓတရား တော်များသင်ကြားပေးနေသူဖြစ်ပြီး ယခင်က လေးသီ၊ ပါယကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးပြီး သျှမ်းနီစာပေပျံ့ပွားရေး၊ ကဗျာ၊ စာပေများကို ရေးသားသင်ကြားနေသူဖြစ်သည်ဟု သျှမ်းနီ အဖွဲ့များထံမှ သိရသည်။
ပြီးခဲ့သည့်ဇူလိုင်လအတွင်းက သျှမ်းနီရိုးရာအကနည်းပြဆရာ စိုင်းရေကျော်ဖမ်းဆီးခံရပြီး လက်ရှိအချိန် ထိ သတင်းအချက်အလက်ပျောက်ဆုံးနေဆဲဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းက ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာတွင်နေထိုင်သည့် သျှမ်းနီအမျိုးသား စာပေနှင့် ယဥ်ကျေးမှုကော်မတီ၏ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဦးဖေသန်းသည် အမည်မသိလက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပြီး စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်တောင်းပိုင်း သျှမ်းနီစာပေနှင့် ရိုးရာယဉ် ကျေးမှုတာဝန်ခံ စိုင်းကျန်အောင် (ခ)ဆေလိုင်ကို ဗန်းမောက်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သုံးရက်ကြာ ဖမ်းဆီးခဲ့ပြီး စစ်ဆေးမှုများ ပြုလုပ်ခြင်း ခံရသည်ဟု သိရသည်။
လတ်တလောဖြစ်စဉ်များအရ သျှမ်းနီစာပေယဉ်ကျေးမှုနှင့် သက်ဆိုင်သူများသာထိုသို့ဖြစ်နေ၍ သျှမ်းနီ အမျိုးသားရေးဆောင်ရွက်နေသည့် အဖွဲ့များအတွင်း လုံခြုံရေးအရ စိုးရိမ်မှုများရှိလာရသည်ဟု သျှမ်းနီ အဖွဲ့များက ဆိုသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ် ။ ။ စောဖေ
ဓာတ်ပုံ - the voice of shan ni