ဩဂုတ် ၂၂
အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် ၂၀၁၈ မှနောက်ပိုင်း အကြီးဆုံး ပူးပေါင်း စစ်ရေးလေ့ကျင့်မှုကို စတင်ကြောင်း တောင်ကိုရီးယားက ပြောရာ နျူကလီးယားဖြင့် ခြိမ်းခြောက်လျက် ရှိနေသည့် မြောက်ကိုရီးယားနိုင်ငံအတွက် စိတ်ဆိုးဒေါသထွက်စရာ ဖြစ်နိုင်သည်။
အမေရိကန်သည် တောင်ကိုရီးယား၏ အဓိက လုံခြုံရေး မဟာမိတ်ဖြစ်ကာ နျူကလီးယား လက်နက်နိုင်ငံ အိမ်နီးချင်း မြောက်ကိုရီးယား ရန်မှ ကာကွယ်ရန် တောင်ကိုရီးယားတွင် တပ်ဖွဲ့ဝင်အင်အား ၂၈,၅၀၀ နီးပါး တပ်ချထားသည်။
နှစ်နိုင်ငံအနေဖြင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ရေရှည် လုပ်ဆောင်လာခြင်းလည်း ဖြစ်ကာ ကာကွယ်ရေးအတွက်သာဟု အလေးအနက် ပြောထားသော်လည်း မြောက်ကိုရီးယားကမူ ကျူးကျော်မှုအတွက် ပြင်ဆင်ခြင်းအဖြစ် ရှုမြင်ထားသည်။
COVID-19 ကြောင့် ရပ်နားထားပြီး မြောက်ကိုရီးယားနှင့် သံခင်းတမန်ခင်း မအောင်မမြင် ဖြစ်ပြီးနောက်တွင် Ulchi Freedom Shield ဆိုသော အကြီးစားစစ်ရေးလေ့ကျင့်မှုကို ပြန်လည် စတင်ခြင်းပဲ ဖြစ်သည်။
“အခု ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ တောင်ကိုရီးယား-အမေရိကန် မဟာမိတ်ပြုမှုကို ပြန်လည် တည်ဆောက်တာ ဖြစ်တယ်၊ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေနဲ့ မြေပြင်လေ့ကျင့်မှုတွေအားဖြင့် ကာကွယ်ရေးအပိုင်းမှာ ခိုင်မာစေခြင်းလည်း ဖြစ်တယ်”ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ဩဂုတ် ၂၂ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ပြုလုပ်မည်ဖြစ်သော ယခု စစ်ရေးလေ့ကျင့်မှုနှင့် ပတ်သက်သော အသေးစိတ်ကို ထုတ်ပြန်ခြင်း မရှိသော်လည်း လေယာဉ်များ၊ စစ်သင်္ဘောများနှင့် တင့်ကားများနှင့်အတူ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ ပါဝင်မည် ဖြစ်သည်။
ပြီးခဲ့သည့် သီတင်းပတ် အစည်းအဝေးတစ်ရပ်၌ မဟာမိတ် နှစ်နိုင်ငံသည် မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုများ တိုးများလာသည်ကို မှတ်ချက်ပြုရင်း ပူးတွဲ စစ်ရေးလေ့ကျင့်မှုများ၏ အဝန်းအဝိုင်းနှင့် အရွယ်အစားကို ချဲ့ထွင်သွားရန် သဘောတူခဲ့သည်။
Ulchi Freedom Shield စတင်ခြင်းဖြင့် ပူးတွဲ စစ်ရေးအသင့်ရှိမှုကို မြှင့်တင်သွားမည်ဟု နှစ်နိုင်ငံ ပူးတွဲ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ယခု စစ်ရေးလေ့ကျင့်မှုများကို မြောက်ကိုရီးယားက လက်နက်စမ်းသပ်ခြင်းများအတွက် အကြောင်းပြချက်အဖြစ် အသုံးချလာနိုင်ကြောင်း အကဲဖြတ်များက ပြောကြသည်။
(မိုးသဲ ဘာသာပြန်သည်။)