ဩဂုတ်လ ၁၅ ရက်
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ခင်ဦးလမ်းဆုံအနီးတွင် စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲခံရပြီး အများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း Shwe Bo Defense Force - SBDF က ယမန်နေ့ ဩဂုတ်လ ၁၅ရက်တွင် သတင်းထုတ်ပြန်သည်။
ဩဂုတ်လ ၁၃ ရက် နံနက် ၉နာရီ ၃၀မိနစ်အချိန်တွင် ခင်ဦးမှရွှေဘိုသို့ ထွက်ခွာလာသည့် စစ်ကောင်စီကားလေးစီးပါ ယာဉ်တန်းကို ပဒေသာမိုင်းရှစ်လုံးဖြင့် နှစ်ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဒုတိယကားနှင့် နောက်ဆုံးကားတို့ကို မိုင်းထိမှန်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါတိုက်ခိုက်မှုကို SBDF စခန်း (၃) မိုင်းအဖွဲ့နှင့် မဟာမိတ် King Peacock Defende Force(ဒေါင်းရာဇာကာကွယ်ရေးအဖွဲ့) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ဘေးပတ်ပတ်လည်သို့ ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
မန္တလေး၊ ရွှေဘိုနှင့် မြစ်ကြီးနားလမ်းစသည့် လမ်းမကြီးများပေါ်တွင် SBDF မိုင်းဆွဲအဖွဲ့များ၊ မဟာမိတ်အဖွဲ့များ လှုပ်ရှားလျက်ရှိပြီး ပြည်သူများအနေဖြင့် ည၇နာရီမှ နံနက် ၅ နာရီ အတွင်း သွားလာခြင်းမပြုကြရန်နှင့် စစ်ကောင်စီတပ်သားများနှင့်ဝေးဝေးနေကာ ကားများကို မှန်ချမောင်းနှင်ကြရန် SBDFက အထူးမေတ္တာရပ်ခံထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)