တိဗက်တွင် ၂ နှစ်ကျော်ကာလအတွင်း ကိုဗစ်-၁၉ ကူးစက်မှုများ ထပ်မံတွေ့ရှိပြီးနောက် လာဆာမြို့အပါအဝင် တိဗက်ဒေသအတော်များများရှိ အာဏာပိုင်များသည် အစုလိုက်အပြုံလိုက် ရောဂါစမ်းသပ်မှုများ လုပ်ဆောင် နေပြီဖြစ်သည်။
ယခုသီတင်းပတ် ဩဂုတ် ၉ ရက်က တိဗက်တွင် ဒေသတွင်းကူးစက်ခံရသည့် အတည်ပြုလူနာ ၄၉ ဦးတွေ့ရှိခဲ့ကြောင်း CNN သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။
တိဗက်တောင်ပိုင်းတွင် ခရီးသွား ၄ ဦး၌ ရောဂါကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ပြီး ကပ်ရောဂါစတင်ဖြစ်ပွားချိန် ၂၀၂၀ ခုနှစ် ဇန်နဝါရီလက ကူးစက်မှုတစ်ခုတွေ့ရှိပြီးနောက်ပိုင်း ရက်ပေါင်း ၉၂၀ အတွင်း ပထမဆုံး ရောဂါ ပြန်လည်ဖြစ်ပွားခြင်းဖြစ်ကြောင်း ဂါရီစီရင်စုမှ အာဏာပိုင်များက ပြောသည်။
အမြင့်ပိုင်းဒေသဖြစ်သောကြောင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းမရှိခြင်း၊ ဓာတ်ခွဲစမ်းသပ်ပေးမည့်သူမရှိခြင်းနှင့် ပြင်းထန်သောရောဂါကူးစက်မှုအတွက် အောက်ဆီဂျင်ပြတ်လပ်မှုတို့ကြောင့် တိဗက်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ စိုးရိမ်စရာဖြစ်သည်။ လူဦးရေ ၈၀၀ ၀၀၀ ခန့်ရှိသော တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဩဂုတ် ၉ ရက်က အတည်ပြုလူနာ ၂၇ ဦးတွေ့ရှိခဲ့ကြောင်း Global Times က ဖော်ပြသည်။
အငယ်ဆုံးလူနာမှာ အသက် ၂ နှစ်ခွဲရှိပြီး အကြီးဆုံးလူနာမှာ အသက် ၇၆ နှစ်အရွယ်အမျိုးသမီးဖြစ်ကြောင်း တိဗက်ကျန်းမာရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်။
ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒသည် ဆေးရုံတက်ရောက်ကုသခြင်းနှင့် သေဆုံးမှုအများအပြားကို တားဆီးရာတွင် အောင်မြင်သည်ဟု တရုတ်က ဆိုသော်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အပါအဝင် ဝေဖန်သူများက စီးပွားရေးနှင့် လူ့အဖွဲ့အစည်းအပေါ် ၎င်းမူဝါဒ၏ အကျိုးသက်ရောက်မှုကို ရှုတ်ချလိုက်ပြီး အဆိုပါမူဝါဒသည် ပြောင်းလဲနေသော ဗိုင်းရပ်စ်၏ သဘောသဘာဝနှင့် ကုသရေးနည်းလမ်းအသစ်များနှင့် လမ်းလွဲနေကြောင်း ပြောသည်။