အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အရှေ့တောင်အာရှသို့ ခရီးစဉ်ထွက်ရာ၌ မြန်မာ့အရေး ပါဝင်မည် 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အရှေ့တောင်အာရှသို့ ခရီးစဉ်ထွက်ရာ၌ မြန်မာ့အရေး ပါဝင်မည် 

ဇူလိုင် ၃၀

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင့်ကင်သည် လာမည့်သီတင်းပတ် အမေရိကန်-အာဆီယံ ဝန်ကြီးများအစည်းအဝေးအတွက် ကမ္ဘောဒီးယားသို့ သွားရောက်ရန်ရှိရာတွင် မြန်မာအရေးပါ အရေးယူဆွေးနွေးမည်ဖြစ်ကြောင်း ရိုက်တာသတင်းက ဇူလိုင် ၃၀ ရက်တွင် ဖော်ပြသည်။ 

နိုင်ငံခြားရေးဝန်ကြီး ဘလင့်ကင်အနေဖြင့် အဆိုပါ အရှေ့တောင်အာရှခရီးစဉ်တွင် COVID-19 ကပ်ဘေး၊ ရာသီဥတု ပြောင်းလဲမှု၊ မြန်မာ့အရေးနှင့် ယူကရိန်းစစ်ပွဲတို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၂၉ ရက်တွင် ထုတ်ပြန်သည်။ 

ခရီးစဉ်အတွင်း ဘလင့်ကင်သည် ယခုသီတင်းပတ်အတွင်းက တက်ကြွလှုပ်ရှားသူ လေးဦးကို ကွပ်မျက်စီရင်ခဲ့သည့် မြန်မာနိုင်ငံ၏ အာဏာသိမ်းစစ်အုပ်စုကို ဖိအားများ ပေးရန် ဒေသတွင်း အာဆီယံအဖွဲ့မှ အခြားသော နိုင်ငံများကို တိုက်တွန်းသွားမည် ဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်အတွင်းဝန် Daniel Kritenbrink ခရီးစဉ်နှင့် ပတ်သက်ပြီး သတင်းထောက်များအား ပြောသည်။ 

“ဒါဟာ အာဏာသိမ်းစစ်အုပ်စုရဲ့ လူမဆန်တဲ့ လုပ်ရပ် နောက်ဆုံး ဥပမာပဲ ဖြစ်တယ်”ဟု အဆိုပါ သေဒဏ်ပေး  ကွပ်မျက်မှုနှင့် ပတ်သက်ပြီး ၎င်းက ပြောသည်။ 

ယင်း အာဆီယံအစည်းအဝေး ခရီးစဉ်အတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနှင့် တွေ့ဆုံဆွေးနွေးရန် အစီအစဉ် မရှိကြောင်း Kritenbrink က ပြောသော်လည်း အစည်းအဝေးပြင်ပန်း အလွတ်သဘော တွေ့ဆုံမှုနှင့် ပတ်သက်ပြီး မည်သို့မျှ မှတ်ချက် မပြုပေ။ 

ဩဂုတ် ၃ ရက်မှ  ၅ ရက်အထိ ဖနွမ်းပင်တွင် အာဆီယံ ဆက်စပ်အစည်းအဝေး သုံးရပ် တက်ရောက်ပြီးနောက်တွင် ဘလင့်ကင်အနေဖြင့် ဖိလစ်ပိုင်သို့ သွားရောက်မည်ဖြစ်ပြီး အမေရိကန်-ဖိလစ်ပိုင် မဟာမိတ်ပြုမှု ခိုင်မာရေးအတွက် သမ္မတ ဖာဒီနန် မားကို့စ်နှင့် နိုင်ငံခြားရေးဝန်ကြီး အန်းရစ် မာနာလိုတို့နှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။ 

ဩဂုတ် ၇-၉ ရက်တွင် တောင်အာဖရိကသို့ ဘလင့်ကင်က ဆက်လက်ထွက်ခွာမည် ဖြစ်ကာ ယင်းနောက် ကွန်ဂိုနှင့် ရဝမ်ဒါတို့ ဆက်လက်သွားရောက်မည် ဖြစ်ကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required