ကမ္ဘာပေါ်ရှိ နိုင်ငံကူးလက်မှတ် ၁၉၉ ခု စလုံးကို အဆင့်ခွဲခြားသတ်မှတ်သည့် Henley Passport Index အရ ပါကစ္စတန် နိုင်ငံကူးလက်မှတ်က ကမ္ဘာ့ စတုတ္ထမြောက် အဆိုးဆုံး သို့မဟုတ် ဩဇာအနည်းဆုံးအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။
အသစ်ထုတ်ပြန်သည့် အဆိုပါ အဆင့်သတ်မှတ်ချက်များအရ ပါကစ္စတန်၏ အောက်တွင် ပဋိပက္ခစစ် ဒဏ်ခံထား ရသည့် ဆီးရီးယား၊ အီရတ်နှင့် အာဖဂန်နစ္စတန်တို့သာ ရှိနေတော့သည်ဟု Dawn သတင်းစာက ဖော်ပြသည်။
အာဖဂန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများသည် နိုင်ငံ ၂၇ ခုကိုသာ ဗီဇာမဲ့ သို့မဟုတ် ဆိုက်ရောက်ဗီဇာဖြင့် သွားလာနိုင်သည်ဖြစ်သည့်အတွက် အဆိုပါနိုင်ငံကူးလက်မှတ်က အနိမ့်ဆုံးသော ဗီဇာကင်းလွတ် ရမှတ်တွင် ရှိနေသည်။ အောက်ဆုံးအဆင့်များတွင် ရှိနေသည့် အခြားသော နိုင်ငံများအနက် အီရတ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများက နိုင်ငံပေါင်း ၂၉ နိုင်ငံ၊ ဆီးရီးယားနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများက နိုင်ငံပေါင်း ၃၀ မျှကိုသာ ဗီဇာမဲ့ သို့မဟုတ် ဆိုက်ရောက်ဗီဇာဖြင့် သွားလာနိုင်သည်။
ယမန်နှစ်ကလည်း ပါကစ္စတန် နိုင်ငံကူးလက်မှတ်သည် Henley Index တွင် တူညီသော အဆင့်တွင် ရပ်တည်ခဲ့ပြီး အဆိုပါ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများသည် နိုင်ငံပေါင်း ၃၂ နိုင်ငံကိုသာလျင် ဗီဇာမဲ့ သွားလာခွင့် သို့မဟုတ် ဆိုက်ရောက်ဗီဇာဖြင့် သွားလာခွင့် ရှိကြောင်း ၂၀၂၂ ခုနှစ်အတွက် ထုတ်ပြန်သည့် Henley Passport Index က ဖော်ပြသည်။
ကမ္ဘာ့ ဩဇာအကြီးဆုံး နိုင်ငံကူးလက်မှတ်အဖြစ် ထိပ်ဆုံးနေရာတွင် ရှိနေသည်က ဂျပန် နိုင်ငံကူးလက်မှတ် ဖြစ်ပြီး အဆိုပါ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများသည် နိုင်ငံပေါင်း ၁၉၃ နိုင်ငံကို ဗီဇာမဲ့သွားလာခွင့် သို့မဟုတ် ဆိုက်ရောက်ဗီဇာဖြင့် သွားလာခွင့် ရထားသည်။ ထို့နောက်တွင် စင်္ကာပူနှင့် တောင်ကိုရီးယား နိုင်ငံကူးလက်မှတ်များ ရှိနေပြီး အဆိုပါ နိုင်ငံကူးလက်မှတ်များ ကိုင်ဆောင်သူများသည် နိုင်ငံပေါင်း ၁၉၂ နိုင်ငံကို ဗီဇာမဲ့ သွားလာခွင့် သို့မဟုတ် ဆိုက်ရောက်ဗီဇာဖြင့် သွားလာခွင့် ရရှိထားသည်။ ထို့နောက်တွင် ဂျာမနီနှင့် စပိန်တို့ ရှိနေပြီး အဆိုပါနိုင်ငံများ၏ နိုင်ငံကူးလက်မှတ်များသည် နိုင်ငံပေါင်း ၁၉၀ ကို ဗီဇာမဲ့ သို့မဟုတ် ဆိုက်ရောက်ဗီဇာဖြင့် သွားလာနိုင်သည်။