ဟောင်ကောင်ကို ဗြိတိန်မှ တရုတ်လက်သို့လွှဲပြောင်းမှု ၂၅ နှစ်မြောက်နှစ်ပတ်လည်ပွဲ၌ ဗြိတိန်အလံပါ မိုးကာအင်္ကျီကိုဝတ်ဆင်သော အမျိုးသမီးသတင်းထောက်တစ်ဦးကို ရဲများက နှင်ထုတ်ခဲ့သည်။
မီဒီယာများအတွက် အင်တာဗျူးဧရိယာအတွင်း ညနေ ၄ နာရီဝန်းကျင်တွင် အဖြူအမည်း ဗြိတိန်အလံပါမိုးကာ အင်္ကျီဝတ်ဆင်ထားသော Epoch Times မှ အမျိုးသမီးသတင်းထောက်ကို မေးမြန်းစရာရှိသည်ဟု ဆိုကာ ရဲများက ခေါ်သွားခဲ့ကြသည်။
ရဲများက သူမ၏ မိုးကာအင်္ကျီကိုလည်း သိမ်းဆည်းကာ သူမနေထိုင်သည့် နေရာကိုလည်းရှာဖွေခဲ့ကြသည်။ ရဲများသည် ညနေ ၅ နာရီတွင် ပွဲအတွင်းရှိ သတင်းထောက်များ၏ ပစ္စည်းများကိုလည်း ရှာဖွေစစ်ဆေးခဲ့ကြသည်။
သတင်းထောက် ၂ ဦးကို အင်တာဗျူးဧရိယာအတွင်းမှ နှင်ထုတ်ခဲ့ပြီး အင်တာဗျူးခွင့်မပေးတော့ပေ။ တရုတ်သမ္မတရှီကျင့်ဖျင်သည် ဟောင်ကောင်ကို ဗြိတိန်မှ တရုတ်ထံသို့ လွှဲပြောင်းမှု ၂၅ နှစ်မြောက်အထိမ်းအမှတ်အဖြစ် ဇွန် ၃၀ ရက်အစောပိုင်းက ဟောင်ကောင်သို့ ရောက်ရှိလာခဲ့ကြောင်း ဆင်ဟွာသတင်း၌ဖော်ပြခဲ့သည်။
တရုတ်သည် ရှီ၏ ဟောင်ကောင်ခရီးစဉ်နီးချိန်၌ သတင်းရယူမှုကို တားမြစ်ထားကာ Reuters နှင့် CNN အပါအဝင် နာမည်ကြီး နိုင်ငံတကာသတင်းမီဒီယာအဖွဲ့အစည်းများအား တရားဝင်အခမ်းအနားရိုက်ကူးခွင့် ပိတ်ပင်ခဲ့သည်။
AFP နှင့် ဟောင်ကောင်အခြေစိုက် South China Morning Post တို့မှ သတင်းထောက်များမှာလည်း အခမ်းအနားရိုက်ကူးခွင့် မရရှိခဲ့ပေ။
ဟောင်ကောင်သည် တစ်ချိန်က အာရှ၏အတက်ကြွဆုံးမီဒီယာနယ်ပယ်များအနက် တစ်ခုဖြစ်ခဲ့ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် စာနယ်ဇင်းလွတ်လပ်ခွင့်ရှိသည့် နေရာတစ်ခုဖြစ်သည်။ သို့သော် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ပြည်တွင်းရှိ အမှီအခိုကင်းသော သတင်းမီဒီယာအားလုံးနီးပါး ပျောက်ကွယ်သွားခဲ့သည်။