တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) ၏ စွမ်းအင်ကဏ္ဍဆိုင်ရာ သဘောတူညီချက်များနှင့် ပတ်သက်၍ အစိုးရအနေဖြင့် အခက်အခဲများ ကြုံတွေ့ရနိုင်သောကြောင့် တရုတ်ဓာတ်အားပေးစက်ရုံများကို ရူပီး ၃၀၀ ဘီလီယံ ထပ်မံမပေးမီ ပြန်လည်ညှိနှိုင်းဆွေးနွေးရန် နိုင်ငံတကာငွေ ကြေးရန်ပုံငွေအဖွဲ့ (IMF) က ပါကစ္စတန် အစိုးရကို တိုက်တွန်းလိုက်ကြောင်း မီဒီယာသတင်းများတွင် ဇွန် ၉ ရက်က ဖော်ပြခဲ့သည်။
တရုတ်၏ CPEC ဓာတ်အားပေးစက်ရုံများနှင့် ချိတ်ဆက်လုပ်ကိုင်ရာတွင် ကောင်းမွန်စွာ ပြင်ဆင်ထားသည့် ၁၉၉၄ ခုနှစ်နှင့် ၂၀၀၂ ခုနှစ်တွင် ပြဌာန်းခဲ့သည့် လျှပ်စစ် မူဝါဒများ၏ စံနှုန်းသတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ရန် IMF က ပါကစ္စတန် အစိုးရကို တိုက်တွန်းထားကြောင်း Express Tribune သတင်းတွင် ဖော်ပြထားသည်။
သီးခြား ဓာတ်အားထုတ်လုပ်သည့် လုပ်ငန်းများ (IPPs) နှင့် သဘောတူသတ်မှတ်ချက်များကို ပြန်လည်ညှိနှိုင်းရန် ယခင်က တရုတ်ဘက်မှ ငြင်းဆိုပြီးနောက် IMF က ယခုကဲ့သို့ တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံမှ IPP များသည် ပါကစ္စတန်မှ ငွေကြေးပိုမိုတောင်းယူနေကြောင်း IMF က သံသယရှိနေသောကြောင့် သဘောတူညီချက်များကို ထုတ်ပြန်ပေးရန် လိုအပ်ကြောင်း သတင်းရင်းမြစ်များက Express Tribune သတင်းစာ သို့ ပြောကြားသည်။
သဘောတူညီချက်အား ပြန်လည်ညှိနှိုင်းစေလိုသောကြောင့် IMF က တရုတ် IPPများသို့ ပြောကြားထားကြောင်းလည်း ဘဏ္ဍာရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိများက Express Tribune သို့ အတည်ပြုထားသည်။
IMF ၏ ဌာနကိုယ်စားလှယ် အက်စသာပီရက်စ်ကလည်း ပါကစ္စတန်ဘဏ္ဍာရေးအခြေအနေ အကန့်အသတ်ကြောင့် ဓာတ်အား လုပ်ငန်းများအနေဖြင့် သင့်တင့်မျှတသည့် ဈေးနှုန်းကို ကောက်ခံရန် လိုအပ်ကြောင်း အထူးပြောကြားခဲ့သည်။