ဇွန် ၁၆
ဧရာဝတီတိုင်း ၊ ပုသိမ်အကျဉ်းထောင်တွင် မတရားဖမ်းဆီးခံထားရသူများအနက် ပုသိမ်မြို့နယ်မှ နိုင်ငံရေးအကျဉ်းသား ခြောက်ဦးကို ဇွန်လ ၁၅ရက်နေ့နံနက်ပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ ထောင်တွင်းတရားရုံးက ထောင်ဒဏ်များချမှတ်ခဲ့ကြောင်း ရှေ့နေအသိုင်းအဝိုင်းနှင့်နီးစပ်သူများထံကသိရသည်။
ပုသိမ်မြို့နယ်မှ နိုင်ငံရေးအကျဉ်းသားများဖြစ်ကြသည့် ကိုမင်းသူ၊ ကိုဝင်းထွန်းနိုင် (ခေါ်) ခေါလေး၊ ကိုထွဋ်ခေါင်လင်း၊ ကိုထက်လင်းစိုး(ခေါ်)လူဖန်ခါး၊ ကိုကောင်းသန့်နှင့် မစိုးစန္ဒာကြွယ်တို့ကို ထောင်ဒဏ်များချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ကိုဝင်းထွန်းနိုင်ကို ပုဒ်မ ၅၀၅(က)၊ ပုဒ်မ ၃၃၂ နှစ်မှုပေါင်းပြီး ထောင် ငါး နှစ်ချတယ်။ ကိုလူဖန်ခါးကိုတော့ ပုဒ်မ ၅၀၅(က) ၊ ပုဒ်မ၃၃၂ နှစ်မှုပေါင်းပြီး သုံးနှစ် ချလိုက်တာပါ။ ကျန်တဲ့လူတွေက တော့ ၅၀၅(က)နဲ့ နှစ်နှစ် စီ အမိန့်ချခံရတယ်" ဟု ရှေ့နေအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးကပြောသည်။
၎င်းအပြင် စစ်ကောင်စီသည် ကိုဝင်းထွန်းနိုင်(ခေါ်) ခေါလေးကို ၁၂၂ ၊ ၁၂၄ ပုဒ်မများဖြင့် ထပ်မံ တရားစွဲဆိုထားကြောင်းသိရပြီး ကိုထက်လင်းစိုး(ခေါ်)လူဖန်ခါးကို ပုဒ်မ ၁၂၂ ၊၁၂၄ အပြင် ၅၀၅ (က)ပုဒ်မများဖြင့် ထပ်မံတရားစွဲ ဆိုထားသည်ဟု ရှေ့နေအသိုင်း အဝိုင်းနှင့်နီးစပ်သူများထံက သိရသည်။
"ကိုဝင်းထွန်းနိုင်ကတော့ ပုဒ်မ ၅၀၅(က)၊ ၅၂(က)၊ သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅၊ ပုဒ်မ ၃၃၂ အမှုတွေကို စစ်ဆေးပြီး စုစုပေါင်း ထောင် ၁၂ နှစ်အချခံထားရတာပါ။ ကျန်တဲ့အမှုတွေကိုလည်း ဆက်ပြီးရုံးထုတ်စစ်ဆေးနေတယ် လို့သိရတယ်" ဟု ၎င်းကဆက်ပြောသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပုသိမ်အကျဉ်းထောင်တွင် မတရား ဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဉ်းသား ၃၀၀ ကျော်နှင့် နိုင်ငံရေး အကျဉ်းသူ ၅၀ နီးပါးရှိ နေသည်ဟု သိရပြီး ထောင်တွင်းတရားရုံးက ထောင်ဒဏ်ချမှတ်ခဲ့သူ ဦးရေ ၁၀၀ ကျော်ခန့်ရှိကြောင်း ပုသိမ်အကျဉ်းထောင်ဝန်ထမ်းများထံကသိရသည်။