ဇွန် ၁၄
ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၁၀ဦးထက်မနည်းသေဆုံးပြီး သေနတ် ရှစ်လက်နှင့်အတူ ခဲယမ်းပစ္စည်းများ သိမ်းဆည်းရမိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ယနေ့ ဇွန်လ ၁၄ ရက်တွင် သတင်းထုတ်ပြန်သည်။
ဇွန်လ ၁၂ ရက်နေ့တွင် ကရင်နီပူးပေါင်းတပ်များမှ စီကောင်စီတပ်များတပ်စွဲထားသည့် နေရာများအား ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
" ၁၂ ရက်နေ့ညက တိုက်ပွဲမှာ ရတာပါ။ တိုက်ပွဲက မပြီးသေးတော့ အချို့ဟာတွေ မဖြေနိုင်သေးလို့ပါ" ဟု KNDF ဘက်မှ တာဝန်ရှိသူတစ်ဦးက မဇ္စျိမကို ပြောသည်။
ကရင်နီပြည်နယ် ဒေါးညေခူကျေးရွာနှင့် ထီးပေါ့ဆိုကျေးရွာတို့တွင် ဇွန်လ ၉ရက်မှ စ၍ ယနေ့အချိန်ထိ ထိတွေ့တိုက်ပွဲများ ပြင်းထန်နေသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဖရူဆိုမြို့နယ်မှ ဒီးမော့ဆို၊ လွိုင်ကော်မြို့နယ်ဘက်သို့ တပ်ချိန်းပြောင်းရန်အတွက် ပြည်ထောင်စု လမ်းမကြီးအတိုင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို ကရင်နီပူးပေါင်းတပ်များဘက်မှ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ လွိုင်ကော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Loikaw PDF) နှင့် ဒီးမော့ဆို PDF (DMO PDF) တို့က ဖရူဆိုမြို့နယ်၊ ဒေါးညေခူကျေးရွာနှင့် ထီးပေါ့ဆိုကျေးရွာတို့တွင် ခုခံတိုက်ခိုက်နေခြင်း ဖြစ်သည်။
အကြမ်းဖက် စီကောင်စီတပ်များသည် ၄င်းတို့ တပ်စွဲထားသော ဒေါးညေခူရွာ ထီးပေါ့ဆိုရွာတွင်းရှိ နေအိမ်များက်ို ဖောက်ထွင်းဖျက်ဆီးပြီး ၊ ခရစ်ယာန်ဘုရားကျောင်း တစ်ကျောင်း ကိုလည်း လက်နက်ကြီးဖြင့် တိုက်ခိုက်ဖျက်ဆီးခဲ့သည်ဟု KNDFက ဆိုထားသည်။
ဓာတ်ပုံ - KNDF